သျှမ်းသံတော်ဆင့်
ရွေးကောက်ပွဲဥပဒေထုတ်ပြန်မည်ဟုကြေငြာအပြီး တစ်ရက်အကြာ နအဖ၀န်ကြီးချုပ် ဒုဗိုလ်ချုပ်ကြီး သိန်းစိန်သည် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ မူစယ်မြို့များတို့ ယနေ့နေ့လည်ပိုင်းက ရဟတ်ယာဉ် ၂ စီးဖြင့် ရောက် ရှိကြောင်း သိရသည်။
“နေ့လည် ၁၂ နာရီကျော်လောက်မှာ နမ့်ခမ်းကို ရဟတ်ယာဉ် ၂ စီးနဲ့ ရောက်တယ် ကျားဖြူခန်းမဆောင်မှာ အစည်းအဝေး လုပ်သွားတယ် နေ့လည်တစ်နာရီလောက်မှာ မူစယ်ကို ပြန်ထွက်သွားတယ် ” ဟု နမ့်ခမ်း ဒေသခံ တဦးကသျှမ်းသံတော်ဆင့် သို့ အတည်ပြုပြောသည်။
ဒု ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့်အတူ အမှတ် ၂ လျှပ်စစ်စွမ်းအင်ဝန်ကြီး ခင်မောင်မြင့် စာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်းမောင် အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ် တို့လိုက်ပါလာကြောင်း စုံစမ်း သိရသည်။
“ဒီမနက်တော့ မူစယ်လေယာဉ်ကွင်းမှာ လုံခြုံရေးအပြည့်ချထားတယ်၊ မြို့ထဲမှာရောပဲ၊ နမ့်ခမ်းဘက်ကိုလည်း စစ် သားတွေကို ကားနဲ့ပို့နေတယ်၊ ရဟတ်ယာဉ်တွေလဲဝဲနေတယ်၊ အခုဗိုလ်သိန်းစိန် မူစယ်မှာ ရောက်နေပြီ ” ဟု မူစယ်မြို့ခံတစ်ဦးက ပြောသည်။
နမ့်ခမ်းမြို့နယ် မန်တပ်ရွာအနီး တည်ဆောက်ထားသော ရွှေလီရေအားလျှပ်စစ်စီမံကိန်းကို လွန်ခဲ့သည့် နှစ်အတွင်းက ဖွင့်လှစ်ခဲ့ရာ ယခုဝန်ကြီးချုပ် ခရီးစဉ်မတိုင်မီ တစ်ပတ်ခန့်က လျှပ်စစ်မီးပြင်ဆင်မှုများ ပြုလုပ်ခဲ့ရကြောင်း နမ့်ခမ်းမြို့ခံ လျှပ်စစ်ဝန်ထမ်း တစ်ဦးက ပြောသည်။
“အိမ်တိုင်း အိမ်တိုင်း မီတာဘောက်စ်တွေ ပြင်ဆင်ထားပါတယ် နမ့်ခမ်းဘက်က ရွာတွေမှာပေါ့၊ အခုထိတော့ တရုတ်မီးကိုပဲ သုံးပါတယ်၊ နမ့်ခမ်းမှာတော့ တစ်ယူနစ်ကို တရုတ်ငွေ ၁ ပွိုင့် ၂ယွမ် လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဈေးတက် လာတယ် အရင်တုန်းကတော့ တရုတ်ငွေ တစ်ယွမ်ပဲ ကောက်ပါတယ် ” ဟု ၀န်ထမ်းက ပြောသည်။
ဝန်ကြီးချုပ် ခရီးစဉ်မတိုင်ခင် ၃ ရက်ခန့်က နမ့်ခမ်းမြို့နေအိမ်များတွင် မီတာဘောက်စ်များ စစ်ဆေးခဲ့ကြောင်းအခြား နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။
“လွန်ခဲ့တဲ့ ၃ ရက်က အိမ်တွေမှာ မီတာဘောက်စ်တွေ လာစစ်သွားတယ်၊ တချို့အိမ်တွေ ဖြုတ်လဲ ခိုင်းတယ်၊ မီတာဘောက်စ် လည်မလည် စစ်ဆေးတယ် လို့ပဲ လျှပ်စစ်ဝန်ထမ်းတွေက ပြောတယ်၊ မီးခိုးတဲ့သူတွေ ရှိတယ်လို့ပြောတယ်ရွှေလီရေးအား လျှပ်စစ်မီး ဒီမှာပေးမယ်လို့ ပြောတာမကြားဘူး၊ တရုတ်ကိုရောင်းထားပြီလို့ ၀န်ထမ်းတွေကိုယ်တိုင်ပြောတယ် ” ဟု ဆိုသည်။
ယခု ခရီးစဉ်သည် မြန်မာနိုင်ငံ၌ ၂၀၁၀ အတွင်းကျင်းပမည် ဆိုသည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အတွက်စည်းရုံးရေး ဆင်းသည့် အနေဖြင့် ဗိုလ်သိန်းစိန် လာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများ ကသုံးသပ်သည်။
“အခုက ရဟတ်ယာဉ်နဲ့လာတာဆိုတော့ ညအိပ်ဖို့သိပ်မသေချာဘူး။ နမ့်ခမ်းမှာရွှေလီရေအားလျှပ်စစ်လည်း ၀င်မကြည့်သေး ဘူး၊ အခုထိမူစယ်မှာရှိတုန်း အစည်းအဝေးမှာ ကြံ့ဖွံ့တို့ ရယကတို့ ခေါ်တွေ့သွားတယ်ဆိုတော့ အဓိက စည်းရုံးရေး ခရီးစဉ် ဖြစ်မယ် ” ဟု စောစောက နမ့်ခမ်းဒေသခံက သုံးသပ်ပြောဆိုသည်။
ဒု ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ဖေဖေါ်ဝါရီ ၂၃ ရက်နေ့က ကချင်ပြည်နယ် ဗန်းမော်မြို့သို့ သွားရောက်ခဲ့ပြီး မြို့မိ မြို့ဖများ လူမှုရေးအသင်းအဖွဲ့များ ဋ္ဌာနဆိုင်ရာဝန်ထမ်းနှင့် တွေ့ဆုံခဲ့သေးသည်။
အဆိုပါ တွေ့ဆုံစဉ်က “ မြန်မာသည် မြန်မာ ယောင်ဆောင်ထားသော တိုင်းတစ်ပါး အလိုတော်ရိ မဖြစ်စေရ ” ဟု ပြော ဆိုကြောင်း နအဖပိုင် သတင်းစာတွင် ရေးသားထားသည်။
အဆင့်မြင့်လေ့လာသူတစ်ဦးက “နအဖက ဘာကိုပြောချင်တယ်ဆိုတာ တရားဝင်ထုတ်ပြောတာ မရှိဘူး ခရီးစဉ် တွေမှာ စောင်းချိတ်ပြီး ဟိုလူ့ကိုပြောသလို ဒီလူ့ကိုပြောသလို အမြဲလုပ်လေ့ရှိတာပဲ ” ဟု ဆိုသည်။
ယမန်နေ့ကနအဖပိုင် ရုပ်သံလှိုင်းတွင်ရွေးကောက်ပွဲဆိုင်ရာဥပဒေနှင့်ပတ်သက်၍နေ့စဉ်ထုတ် သတင်းစာများတွင် အသေးစိတ်ဖေါ်ပြ ပါရှိမည်ဟုဆိုသည်။
No comments:
Post a Comment