Narinjara News
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုသူ အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အရေး တက်ကြွ လှုပ်ရှားသူ ၇၀ခန့်ကို အိန္ဒိယ အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြသူများမှာ မတ်လ ၁၉ ရက်နေ့ နံနက် ၁၁နာရီခန့် မှ စတင်ပြီး ၂၀၁၀ ရွေးကောက်ပွဲအား မြန်မာ သံရုံး ရှေ့တွင် ကန့်ကွက် ဆန္ဒပြကြရာ တနာရီခန့်အကြာတွင် အိန္ဒိယ အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
ကန့်ကွက် ဆန္ဒပြရာတွင် “၂၀၁၀ ရွေးကောက်ပွဲအလိုမရှိ” “စစ်အာဏာရှင် ကျဆုံးပါစေ” စသည့်ဖြင့် ကြွေးကြော်ခဲ့ကြပြီး သံရုံး အုတ်နံရံများတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံများ ချိတ်ဆွဲခဲ့ကြကာ မှုတ်ဆေးဗူး အနီ များဖြင့် သုတ်လိမ်းခဲ့ကြသည်။
၎င်းအပြင် သံရုံး တံခါးများနှင့် ဆိုင်းဘုတ်များကိုလည်း ဖျက်ဆီးခဲ့ကြပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံများကိုပါ ဆုတ်ဖြဲပြီး နင်းခြေ ဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။
ယမန်နေ့သည် နအဖစစ်အစိုးရမှ ပြုလုပ်မည့် ၂၀၁၀ရွေးကောက်ပွဲကို ဆန့်ကျင်သော ကမ္ဘာနှင့် အဝန်း Globle campaign အစနေ့ဖြစ်သောကြောင့် မြန်မာသံရုံးရှေ့တွင် လာရောက် ဆန္ဒပြကြခြင်း ဖြစ်သည်ဟုလည်း သိရသည်။
ယခုအခါ ဖမ်းဆီးခံထားရသူများထဲမှ လူ ၃၀ခန့်ကို ရွေးထုတ်ပြီး ကန့်သတ်နေမြေ ဝင်ရောက် ဖျက်ဆီးသည်ဟု ဆိုသည့် ပုဒ်မဖြင့် တရားစွဲဆိုရန် အိန္ဒိယအာဏာပိုင်များမှ ပြင်ဆင်နေကြောင်း သိရသည်။
အိန္ဒိယအာဏာပိုင်များမှ သံရုံးများရှိရာ အနီးပတ်ဝန်းကျင်တွင် ဆန္ဒပြပွဲများ မပြုလုပ်ရန် ကန့်သတ် တားမြစ် ထားကြောင်းသိရသည်။
လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ကလည်း မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားသူ ၂၀၀ခန့်သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဂျန်တားမန်တား ပန်းခြံတွင် ရွေးကောက်ပွဲ ဆန့်ကျင်သည့် ဆန္ဒပြပွဲတခု ပြုလုပ်ခဲ့သည်။
No comments:
Post a Comment