ရဲရင့် / ၁၅ မတ် ၂ဝ၁ဝ
ပြည်သူလူထုတရပ်လုံး လက်ခံနိုင်သည့် ရွေးကောက်ပွဲဖြစ်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) က ကြားဖြတ်အစိုးရ ဖွဲ့စည်းမှသာ နိုင်ငံတကာနှင့်အများက လက်ခံနိုင်မည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (အမ်ပီယူ) က ပြောကြားလိုက်သည်။
အမ်ပီယူအဖွဲ့၏ ဒု-ဥက္ကဋ္ဌလည်းဖြစ်၊ ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါ်စန်းစန်းက “ပြည်တွင်းမှာရှိနေတဲ့ စီအာပီပီအဖွဲ့က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အရ ဖွဲ့ထားတာ ဖြစ်တယ်။ အခုရှိနေတဲ့ အစိုးရဟာ ၂၀၀၈ ခုနှစ် ဥပဒေကိုလည်း သူ့ဘာသူ ဆွဲတယ်၊ ဒီဥပဒေက ဒီမိုကရေစီလမ်းကြောင်းကို သွားမှာမဟုတ်ဘူး။ ဒီဥပဒေအရ နောက်ထပ် ရွေးကောက်ပွဲတရပ်ကို ကျင်းပမယ်ဆိုတာကို ပြည်တွင်းပြည်ပက ဘယ်လိုမှ လက်မခံနိုင်ဘူးဆိုတော့ တခြားနည်းလမ်းအရ အများလက်ခံနိုင်မယ့် ကြားဖြတ်အစိုးရတရပ်ကနေပဲ လုပ်ရမှာဖြစ်တယ်။ စစ်အစိုးရအနေနဲ့ ကြားဖြတ်အစိုးရ လုပ်စရာမလိုဘူး၊ လုပ်ရမှာလည်း မဟုတ်ဘူး။ ပြည်သူလူထုက ထောက်ခံထားတဲ့အဖွဲ့တွေက လုပ်ရမှာဖြစ်တယ်” ဟု ပြောသည်။
ယမန်နေ့က ထိုင်း-မြန်မာနယ်စပ်တနေရာတွင် အမ်ပီယူအဖွဲ့မှ ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးပွဲ၌ ဒေါ်စန်းစန်းက ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်ပြီး ကြားဖြတ်အစိုးရမှ ကျင်းပမည့်ရွေးကောက်ပွဲတွင် စစ်အစိုးရလည်း ပါဝင်ခွင့်ရှိသည်ဟု ပြောသည်။
၎င်းက “ဒီကြားဖြတ်အစိုးရထဲမှာလည်း စစ်အစိုးရရဲ့ ကိုယ်စားလှယ်တွေလည်း ပါမှာပါ။ နိုင်ငံတကာက လက်ခံနိုင်မယ့် ဒီမိုကရေစီစံဖြစ်တဲ့ ကြားဖြတ်အစိုးရကို ပြောတာပါ။ စစ်အစိုးရကနေပြီးတော့ လုပ်ထားတဲ့ အခြေခံဥပဒေကလည်း လွှတ်တော်ထဲမှာ တရားဝင်မဖြစ်သေး၊ မရောက်သေးဘူး။ သူတို့ကနေပြီး ပျက်ပြယ်တယ်ပြောတိုင်း မပျက်ပါဘူး။ ကြားဖြတ်အစိုးရဖွဲ့မှာကို ကျမတို့ပြည်ပမှာရှိတဲ့ အဖွဲ့အစည်းအားလုံးကလည်း တသံတည်းရှိတယ်ဆိုတာ သိစေချင်တယ်” ဟု ဆက်ပြောသည်။
ဆွေးနွေးပွဲတက်ရောက်သည့် ၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုမိုးသီးဇွန်က “ကြားဖြတ်အစိုးရဖွဲ့ဖို့ကို ထောက်ခံတယ်။ ရက်ပေါင်း (၆၀) အတွင်းမှာ တနိုင်ငံလုံး အထွေထွေသပိတ်ကြီး ခေါ်ရမယ်။ ဒီရွေးကောက်ပွဲဥပဒေကို ဖျက်သိမ်းပစ်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပါတီဖျက်သိမ်းခံရမှာကိုလည်း စိတ်မ၀င်စားဘူး။ လူထုကိုပဲ ကြည့်ရမယ်လို့ ပြောထားပြီးဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
စစ်အစိုးရထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေများသည် တရားမျှတမှုမရှိသဖြင့် လုံးဝဆန့်ကျင် တိုက်ဖျက်သွားမည်ဟု အမ်ပီယူအဖွဲ့၏ ထုတ်ပြန်ချက်ကိုလည်း ယမန်နေ့ဆွေးနွေးပွဲ တက်ရောက်လာသည့်အဖွဲ့များက သဘောတူလက်ခံခဲ့ကြသည်။
မြန်မာစာရေးဆရာတဦးကလည်း “အရင်က ဂန္ဒီခန်းမမှာ အစိုးရဖွဲ့ဖို့ ကြေညာဖို့ အခြေအနေ ပေးခဲ့ပေမယ့် မလုပ်ခဲ့ကြဘူး၊ ဒါကြောင့် အခုထိကြာခဲ့တာ။ အခုလည်း အရင်ကလို နအဖကို စိန်မခေါ်ရဲဘူး၊ တိုက်ပွဲမဖော်နိုင်ဘူးဆိုရင်တော့ ဒီတခါ ပြည်သူတွေက ခွင့်လွှတ်တော့မှာ မဟုတ်ဘူး” ဟု မှတ်ချက်ပေးသည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (အန်စီယူဘီ)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (အမ်ပီယူ)၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (အန်ဒီအက်ဖ်) ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ (အန်အယ်လ်ဒီ-အယ်လ်အေ) မြန်မာပြည်ဒီမိုကရက်တစ်အင်အားစု (အက်ဖ်ဒီဘီ) အပါအ၀င် နိုင်ငံရေးအဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များ၊ တသီးပုဂ္ဂလများ၊ သံဃာတော်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားများလှယ်များအဖွဲ့ (Members of Parliament Union- MPU) ကို ပြည်ပသို့ ရောက်ရှိလာသည့် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ၁၉၉၆ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်၌ ဖွဲ့စည်းခဲ့သည်။ အဖွဲ့ဝင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် (၃၄) ဦးပါရှိပြီး လက်ရှိဥက္ကဋ္ဌမှာ ဦးတယ်ဒီဘူးရီ ဖြစ်သည်။
No comments:
Post a Comment