Monday, October 24, 2011

တရုတ်က မိမိနယ်နိမိတ်ထဲ မြန်မာစစ်သားများ သယ်ပို့ပေး

KNG


ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) အား တိုက်ခိုက် ချေမှုန်း ရာတွင် ကူညီခြင်း အားဖြင့် တရုတ်က မြန်မာ စစ်သား များကို မိမိ နယ် နိမိတ် ထဲသို့ သယ်ပို့်ပေး နေသည်ကို အောက်တိုဘာ ၂၁ ရက်၊ သောကြာနေ့က မြင်တွေ့ ရကြောင်း မျက်မြင် သက်သေ များပြောသည်။

အဓိက တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ ရွှေလီမှ မြန်မာနယ်စပ်မြို့ လွယ်ဂျေအနီး ဂျန်ခေါင်မြို့ဘက်သို့ တရုတ်စစ်ကား အစီး ၃၀ ဖြင့် မြန်မာအစိုးရစစ်သားများအား လျှို့ဝှက်တင်ဆောင်သွားကြသည်ဟုဆိုသည်။

စစ်ကား ၂ စီး သို့မဟုတ် ၃ စီးသာ တရုတ်စစ်သားများတင်ဆောင်ထားခြင်းဖြစ်ပြီး ကျန်စစ်ကားများတွင် မြန်မာစစ်သားများကို တင် ဆောင် ထားသည်ဟု မြင်တွေ့သူများက ပြောသည်။

KIA လက်ထဲ ကျရောက် သွားသော လွယ်ဂျေမြို့ အနီးမှ မြန်မာ အစိုးရ တပ်၏ ဂျန်မိုင် စခန်းနှင့် မော်ရွှေ စခန်း များကို ပြန်လည် တိုက်ခိုက် သိမ်းပိုက် လို၍ ယခု ကဲ့သို့ ပို့ဆောင်ခြင်း ဖြစ်နိုင်သည်ဟု နယ်စပ် စစ်ရေး လေ့လာ သူများ ပြောသည်။

ယခုလ အစောပိုင်းကတည်းက နယ်စပ်တစ်လျှောက်ရှိ KIA အခိုင်အမာစခန်းများအနီး တရုတ်စစ်သား ၂၀၀၀ ကျော်ကိုလည်း တပ်ချ ထားပြီးဖြစ်သည်။

ထို့အပြင် ဂျန်ခေါင်တွင် ညနေပိုင်း ၄ နာရီနှင့် ၆ နာရီကြား ထူးထူးခြားခြား နေ့စဉ် တရုတ်စစ်သားများ စစ်ရေးလေ့ကျင့်နေကြသည်ကို တွေ့မြင်နေရသည်ဟု မျက်မြင်သက်သေများပြောသည်။

No comments: