Wednesday, October 19, 2011

တနာရီ ၇၅ မိုင်နှုန်း ဆိုင်ကလုန်းမုန်တိုင်း ယနေ့ညနေပိုင်း ရခိုင်မြောက်ပိုင်းကိုဖြတ်နိုင်

ဒီဗွီဘီ

၁၉ အောက်တိုဘာ ၂၀၁၁ မွန်းလွဲ ၁၂း၃၀

ရွှေအောင်

တနာရီ ၇၅ မိုင်နှုန်း ပြင်းအား ရှိတဲ့ ဆိုင်ကလုန်း မုန်တိုင်းဟာ ဒီနေ့ ညနေ ပိုင်းမှာ ရခိုင်ပြည် နယ် မြောက်ပိုင်းကို ဖြတ်သန်း တိုက်ခတ် နိုင်တယ်လို့ မိုးလေ၀သ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ပြောကြား ပါတယ်။

မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်ကို ဆက်သွယ်မေးမြန်းချက်။

ဒီဗွီဘီ – စစ်တွေမှာတော့ လေတော်တော်တိုက်နေတယ်လို့ မြို့ခံတွေပြောလို့ သိရပါတယ်။ မုန်တိုင်း နောက်ဆုံးအခြေအနေ သိပါရစေ။

ဦးထွန်းလွင် – မုန်တိုင်းက ဒီနေ့လည်ကတည်းက မုန်တိုင်းအဖျားခတ်နေပြီလေ။ ၀င်မှာကတော့ ညနေပိုင်း ငါးနာရီခြောက်နာရီလောက် ဗဟိုချက် ဖြတ်လိမ့်မယ်ထင်တယ်။ ရခိုင်မြောက်နဲ့ ဘင်္ဂလားဒေ့ရှ်။ ဦးတည်တာကတော့ ဘင်္ဂလားဒေ့ရှ်က ကော့ဘဇားပဲ။ မုန်တိုင်း ညာဘက်တခြမ်းလုံးက ရခိုင်မြောက်ကို ဖုံးအုပ်ပြီးဖြတ်မယ်ဆိုတော့ ရခိုင်လည်း ပါတယ်ပေါ့ဗျာ။


ဒီဗွီဘီ – လေတိုက်နှုန်းက ဘယ်လောက်လောက်ဖြစ်နိုင်လဲ။

ဦးထွန်းလွင် - လေတိုက်နှုန်းက လောလောဆယ် မိုင် ၅၀ ပဲဗျ။ တနာရီမိုင် ၅၀။ သိပ်တော့လဲ ပြင်းပြင်းတော့ မဟုတ်ဘူးဗျ။ ဒါပေမယ့် ဒီနေ့လယ်ပိုင်းတပိုင်းလုံး ရှိသေး တော့ ညနေပိုင်းမှာ တိုးတက်ပြီး ဖြစ်လာတယ်ဆိုရင်တော့ ၇၀ လောက်များ ဖြစ်သွားမလား မပြောတတ်ဘူး။ လောလောဆယ်တော့ မဖြစ်သေးဘူး၊ ကျနော်မှန်းထားတာပါ။

ဒီဗွီဘီ – ဆရာ့ဝက်ဘ်ဆိုက်မှာ ရေးထားတာ ဒီနေ့နေ့လယ်ပိုင်းမှာ ပိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်တယ်ဆိုတာက ဘယ်လောက်ထိဖြစ်နိုင်ပါလဲ။

ဦးထွန်းလွင် - ဟုတ်တယ်။ U.S (အမေရိကန်) ကလည်း အဲဒီအတိုင်း ခန့်မှန်းတယ်။ ကျနော်လည်း အဲဒီအတိုင်း ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်ခင်ဗျ။

ဒီဗွီဘီ – ဆိုင်ကလုန်းဖြစ်မယ်ဆို ဘယ်အချိန်လောက် ဖြစ်နိုင်မလဲခင်ဗျ။

ဦးထွန်းလွင် - ၂း၀၀ နောက်ပိုင်း ၃း၀၀ နာရီ ၄း၀၀ နာရီ အဲဒီအချိန်တွေက ဖြစ်တတ်တဲ့ အချိန်တွေဗျ။ အများဆုံးဖြစ်နိုင်တာကတော့ ၄း၀၀ နာရီလောက်ဖြစ်နိုင်တယ်။

ဒီဗွီဘီ – လေတိုက်နှုန်းက ဘယ်လောက်ဖြစ်သွားနိုင်လဲ။

ဦးထွန်းလွင် - တနာရီ ၇၅ မိုင်နှုန်းလောက် ဖြစ်သွားနိုင်တယ်ဗျ။

ဒီဗွီဘီ – အဓိက ဘယ်မြို့တွေ ဖြစ်နိုင်လဲ။

ဦးထွန်းလွင် – အဓိကကတော့ စစ်တွေ၊ မောင်တော၊ ရမ်းဗြဲတို့ဗျ။ လေတိုက်နှုန်း ၇၅ ဖြစ်လာပြီး ရေမတက်ဘူးဆိုရင် ကုန်းပေါ်မှာနေကြရင် အန္တရာယ်ကင်းပါလိမ့်မယ်ဗျ။

(ထပ်မံရရှိတဲ့​ နောက်ဆုံးသတင်းတွေကို ဆက်လက်​ဖော်ပြသွား​ပါမယ်။)

စစ်တွေမြို့ခံတဦးကို ဆက်သွယ်မေးမြန်းချက်

အေးနိုင် ၁၉ အောက်တိုဘာ ၂၀၁၁ မွန်းလွဲ ၁၂း၃၀
ဒီဗွီဘီ – စစ်တွေက လေပြင်းတိုက်ခတ်မှု အခြေအနေကို ပြောပြပါ။

“ဟုတ်ကဲ့။ လေပြင်းတိုက်တယ်ဗျာ။ မိုးရွယ်တယ်ခင်ဗျာ။ ဒီတမနက်လုံး ရွာနေပါတယ်ခင်ဗျာ။ ရေတော့ မကြီးပါဘူးခင်ဗျာ။ မိုးကြီးလို့ ရေအများကြီး ရောက်နေပါတယ်။ ပလက်ဖောင်းတွေဘာတွေမြုပ်တာပေါ့။ လေကတော့ တိုက်နေတယ်။

ဒီဗွီဘီ – မုန်တိုင်းဝင်မယ်ဆိုတာတွေဘာတွေ သိသလား။

“၁၁ နာရီ မြန်မာ့အသံက လာတာ နားထောင်လိုက်တယ်။ သူတို့က မနက် ၆း၀၀ နာရီ တိုင်းထွာချက် အရ လေဖိအားနည်းရပ်ဝန်း ရှိတယ် တော့ ပြောတာပဲ။ မုန်တိုင်းတော့ ဘာမှ မပြောသွားဘူးဗျ၊ ကျနော်တို့ ထင်တာက မုန်တိုင်းတော့ ရှိတယ်ထင်တာပဲ။ အခြေ အနေ က တော်တော်လေး ဆိုးနေ ပါတယ်ခင်ဗျ။ ဒီမှာတော့ လေတိုက်နှုန်း ၃၀ – ၄၀ ပတ်ဝန်းကျင်ပေါ့ဗျာ။

ဒီဗွီဘီ – မနေ့ညက စစ်တွေကမ်းနားဘက် ဈေးတန်းမှာ အဆောက်အဦ နည်းနည်းပါးပါး ပြိုသွားတယ် ကြားတယ်။

“ဒီမနက် ဈေးမှာတွေ့တာက အမိုးတွေဘာတွေ လန်သွားပြီးတော့ ပြုတ်ကျတာ လူတော့ထိခိုက်မှု မရှိဘူး၊ မနက် ခြောက်နာရီ ခွဲတုန်း ကလည်း လေဆင်နှာမောင်း နည်းနည်းဝှေ့သွားတယ်။ ကျောင်းတက်လက်ရပ်ကွက်။ ရွာကြီးတောင် စတဲ့နေရာတွေမှာပါ နည်းနည်း ပါးပါးပါ၊ သွားတော့မကြည့်ရသေးပါဘူးဗျာ။ မိုးက တအားရွာနေလို့။

ဒီဗွီဘီ – အကိုတို့စစ်တွေသားတွေ ဘယ်လိုပြင်ထားကြလဲ။ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောလိုက်ပြီနော် ‘မုန်တိုင်းဝင်နိုင်တယ်’လို့။

“ကျနော်တို့လည်း ဒီတမနက်လုံး ရေဒီယိုဖွင့်ထားတာပဲဗျာ။ မုန်တိုင်းလာမယ် ဆိုတာ ဘယ်သူမှ မကြေညာသေးဘူးဗျ။ ဒါပေမယ့် ဦးထွန်းလွင်ပြောတာက သေချာသလောက် ဖြစ်နေပါပြီ၊ တလောကတည်းကသူပြောထားတယ်လေ ‘မုန်တိုင်းတလုံးလာလိမ့်မယ်’ဆိုတာ။ ကျနော်တို့လည်း အခုတောင် မုန်တိုင်းလာလိမ့်မယ် ထင်တာပါပဲ။ လေလည်း တော်တော်လေးတိုက်နေတယ်။

၁၉ အောက်တိုဘာ ၂၀၁၁ မွန်း​တည့်​ ၁၂း​ဝဝ နာရီ

အေးနိုင်

ရခိုင်ပြည်နယ် စစ်​တွေမှာ မ​နေ့​က ​လေပြင်း​ တိုက်ခတ်သွား​ပြီး​ ဒီ​နေ့​မွန်း​တည့်​ မတိုင်ခင်မှာ လည်း​ ​လေပြင်း​ထပ်တိုက်​နေတယ်လို့​ စစ်​တွေမြို့​ခံက ​ပြောပါတယ်။

“စစ်​တွေမှာ ည ၁၁ နာရီ​လောက်က နည်း​နည်း​လေပြင်း​ ဝင်သွား​ပါတယ်။ မုန်တိုင်း​ ​တော့​မဟုတ်ဘူး​ ဒါ​ပေမယ့်​အ​ခြေအ​နေ နည်း​နည်း​ဆိုး​ပါတယ်။ တနာရီကို မိုင် ၄၀ နှုန်း​လောက်​တော့​ တိုက်​နေပါတယ်။ ကမ်း​နား​ပိုင်း​က ​ဈေး​ပိုင်း​တွေ နည်း​နည်း​ပျက်စီး​သွား​ ပါတယ်။ လူတ​ယောက်မှ မ​သေပါဘူး​။ အခု ဖုန်း​ပြော​နေချိန်မှာ ​လေနည်း​နည်း​ကြမ်း​လာပါ တယ်။ မိုး​အရမ်း​ရွာပါတယ်။ ကျ​နော်တို့​ အခုခန့်​မှန်း​တာ​တော့​ ​လေတိုက်နှုန်း​က ၃၅ နဲ့​ ၅၀ ကြား​ ရှိပါတယ်။”

လက်ရှိ ​လေပြင်း​တိုက်​နေပုံနဲ့​ဆိုရင် စစ်​တွေ​လေဆိပ်ကို ဒီ​နေ့​ ​လေယာဉ်ဆင်း​နိုင်ဖွယ်မရှိဘူး​လို့​လည်း​ စစ်​တွေမြို့​ခံက ​ပြောပါတယ်။
“တချို့​မူလတန်း​ကျောင်း​တွေက က​လေး​တွေကို အိမ်ပြန်ခိုင်း​ပါတယ်။ အသွား​အလာက​တော့​ သွား​လို့​မရ​လောက်​အောင် ​လေပြင်း​လာပါတယ်။ နည်း​နည်း​အ​ခြေအ​နေဆိုး​နေပါတယ်။ ဒီပုံဆို ​လေယာဉ်မဆင်း​နိုင်ပါဘူး​။”

ကျောက်ဖြူမြို့​မှာလည်း​ ​လေပြင်း​စတိုက်​နေတယ်လို့​ ​ကျောက်ဖြူမြို့​ခံတဦး​က ​ပြောပါတယ်။

ဘင်္ဂလား​ပင်လယ်​အော် အလယ်ပိုင်း​မှာ ဖြစ်​ပေါ်​နေတဲ့​ မုန်တိုင်း​ငယ်တခုဟာ ​အောက်တိုဘာ ၂၁ ရက် (​သောကြာ) ​နေ့​မှာ ရခိုင်ပြည်နယ် ​မြောက်ပိုင်း​နား​ကို ကပ်ပြီး​ဖြတ်သန်း​တိုက်ခတ်နိုင်တယ်လို့​ မိုး​လေဝသပညာရှင် ဦး​ထွန်း​လွင်က ​ပြောကြား​ထား​ပါတယ်။

မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်

မိုး-ဇလ ကြေညာချက် မနက် ၉း၃၀
ရခိုင်ပြည်နယ် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းက လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းအဖြစ် အားကောင်းလာနိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန အင်တာနက် ၀က်ဘ်ဆိုက်မှာ ကြေညာပါတယ်။

ဒီနေ့မနက် ၉း၃၀ နာရီ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်တယ်လို့ မိုး-ဇလကြေညာချက်က ဆိုပါတယ်။

ဘင်္ဂလားပင်လယ် အော်မြောက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့လည်း ဆိုပါတယ်။

http://www.moezala.gov.mm/index.php?option=com_content&view=category&layout=blog&id=12&Itemid=3&lang=my

မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
နေပြည်တော်
နေ့စဉ်မိုးလေ၀သ သတင်း
၂၀၁၁ အောက်တိုဘာ ၁၉ ရက် နံနက် ၇း၀၀နာရီ ထုတ်ပြန်ချက်

ဘင်္ဂလားပင်လယ်အော် အခြေအနေ

ယနေ့နံနက် မြန်မာစံတော်ချိန် ၀၅၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းသို့ ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ခြင်း ရှိမရှိ စောင့်ကြည့်လျက်ရှိပါသည်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေထိ ခန့်မှန်းချက်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည် နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်

ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင် မြေပြင်လေသည် တနာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ ကျန် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်

မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးပိုလာနိုင်ပါသည်။


No comments: