Saturday, October 22, 2011

မွေးနေ့ရှင် မတက်နိုင်တဲ့ မွေးနေ့ပွဲ

ကြည်ဝေ on October 19, 2011

အောက်တိုဘာ ၁၈ ရက်နေ့ မနက် ၇ နာရီ မထိုးခင်ကတည်းက ရန်ကုန်မြို့၊ သမိုင်းလမ်းဆုံအနီးရှိ ပရိယတ္တိစာသင်တိုက် ၀န်းကျင်က စည်စည်ကားကားဖြစ်နေသည်။

ကျိုင်းတုံအကျဉ်းထောင်ရောက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ခေါ် ကိုပေါ်ဦးထွန်း၏ ၄၉ နှစ်မြောက် မွေးနေ့ပွဲ ပြုလုပ်နေသောကြောင့် ထိုသို့ စည်ကားနေခြင်း ဖြစ်သည်။

မြန်မာ့နိုင်ငံရေးလောက နှင့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက မွေးနေ့ပွဲ အခမ်းအနားကျင်းပရာ ပရိယတ္တိစာသင်တိုက်အတွင်းသို့ တဖွဲဖွဲ ၀င်ရောက်လာသည်။

မနက် ၈နာရီတွင် ကျင်းပမည့် အခမ်းအနားအတွက် လေးထပ် ဆွမ်းစားဆောင်ထိပ် အ၀င်ဝတွင် မင်းကိုနိုင်ပုံနှင့် ဆိုင်းဘုတ် ထောင်ထား သည်။ လည်ကတုံးအင်္ကျီနှင့်ယောပုဆိုး အနက် ၀တ်ဆင်ထားကြသော၊ ရင်ဘတ်တွင် မင်းကိုနိုင် ရုပ်ပုံတံဆိပ် တပ်ဆင်ထားကြသော လူငယ်တစုက ထိုဆိုင်းဘုတ်အနီး ကြိုဆို နှုတ်ဆက်လျက်ရှိသည်။

ဧည့်ပရိသတ်အများအပြားက ဆွမ်းစားဆောင်အ၀င်ဝ ဧည့်မှတ်တမ်းတွင် လက်မှတ်ရေးထိုးရန် စီတန်း စောင့်နေကြသည်။ နိုင်ငံရေးလောကမှသာမက စာရေးဆရာများ၊ လူငယ်အနုပညာရှင်များကလည်း ရောက်လာကြသည်။

နံနက် ၈နာရီ မထိုးမီ ရှပ်အင်္ကျီ လက်တို အ၀ါနုရောင်ဖြင့် လူရွှင်တော် ဇာဂနာ ရောက်လာသည့်အခါ အ၀င်ဝတွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။

ကွင်းပြင်ထဲတွင် နေရာယူထားကြသော ပြည်သူအများက ဆွမ်းစားဆောင်ရှေ့ ရောက်လာကြပြီး ဇာဂနာကို ၀ိုင်းကြည့်ကြသည်။

လူအုပ်ကြီးက တဖြည်းဖြည်း များလာသည်။ ဘုန်းကြီးကျောင်းအတွင်း ကားရပ်နားရာ ကွင်းပြင်ကျယ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်လာမည် ဟူသော သတင်းကြောင့် လာစောင့်ကြည့်နေကြသူများရှိနေကြသည်။ အ၀တ်အစားနွမ်းနွမ်း ၀တ်ဆင်ထားသည့် အခြေခံလူတန်းစားများလည်း ပါဝင်သည်။

“ဒီမနက်မှ ဒီမှာ ဒေါ်အောင်ဆန်းစုကြည်လာမယ်၊ မကြာခင်ကမှ ထောင်ကလွတ်လာတဲ့ ကိုဇာဂနာကြီးလည်း လာမယ်ဆိုလို့ လာစောင့်တာ ဈေးတောင် မထွက်ရသေးဘူး” ဟု သမိုင်းလမ်းဆုံတွင် သစ်သီးရောင်းသူတဦးက ဗန်းကို ချိုင်းကြားညှပ်ပြီး လူအုပ်ထဲ တိုးဝှေ့ကာ ပြောနေသည်။

ဒေါ်အောင်ဆန်းစုကြည်ကား ရပ်မည့်နေရာဟု သတ်မှတ်ထားသော ဆွမ်းစားဆောင်ရှေ့ရှိ ကားထားရာနေရာတွင် လူအုပ်ကြီးက စောင့်နေကြခြင်းဖြစ်သည်။

နံနက် ၈နာရီ ထိုးပြီး ၁၀ မိနစ် အကြာတွင် စူပါဆလွန်း ကားအဖြူရောင်လေး ၀င်လာသောအခါ ဒေါ်အောင်ဆန်းစုကြည်လာပြီ ဟူသော အသံများ ထွက်ပေါ်လာပြီး လူအုပ်ကြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတော့သည်။

ပန်းနုရောင်အင်္ကျီ၊ အနက်ခံပေါ်တွင် ပန်းရောင် ဒူးနားချိတ် တို့ကို ၀တ်ဆင်ထားပြီး ဇွန်ပန်း ပန်ထားသည့် ဒေါ်အောင်ဆန်းစုကြည် ကားထဲမှ မထွက်ခင်ကတည်းကပင် လူထုကြီးထံမှ “အမေစု အမေစု အမေစု” ဟူသော ကြွေးကြော်သံများ ထွက်ပေါ်လာသည်။

ဒေါ်အောင်ဆန်းစုကြည်က ကားထဲမှအထွက် ပြည်သူလူထုကို ကြည်လင်ပြုံးရွှင်စွာဖြင့် လက်ဝှေ့ရမ်းပြခဲ့ပြီး ဆရာတော်သီတင်းသုံးရာ ကျောင်းဆောင်သို့ သွားရောက် ကန်တော့ခဲ့သည်။

ကျောင်းအတွင်း စည်ကားနေသလို၊ အခမ်းအနားကျင်းပမည့် ဆွမ်းစားဆောင်တွင်လည်း ဧည့်ပရိသတ်များဖြင့် ပြည့်နေသည်။

ဆွမ်းစားဆောင် အောက်ဆုံးထပ်တွင် နိုင်ငံရေး ခေါင်းဆောင်များ၊ မကြာသေးမီက လွတ်ငြိမ်း ချမ်းသာခွင့်ရပြီး ထောင် အသီးသီးမှ ထွက်လာသော နိုင်ငံရေးသမားများ၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များဖြင့် ပြည့်လျက်ရှိသည်။ အသားနိုင်းချင်းနှင့် အုန်းနို့ခေါက်ဆွဲ ပျစ်ပျစ် ပူပူနွေးနွေးကို သုံးဆောင်နေကြသည်။

လွတ်မြောက်လာသူတို့နှင့် စကားပြောနေသူများထဲတွင် ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သူ တဦး ဖြစ်သော ကျောင်းသားခေါင်းဆောင် ဒီငြိမ်းလင်း၏ မိခင် ဒေါ်ဌေးဌေးဝင်းလည်း ပါဝင်သည်။

“ခုလို လွတ်လာတဲ့ သူတွေ အတွက်တော့ အန်တီ ၀မ်းသာပါတယ်။ ထောင်ထဲမှာ ကျန်ရှိနေသေးတဲ့ သားအပါအ၀င် ကျန်တဲ့သူတွေအတွက် စိတ်မကောင်းပါဘူး။ မနက်ဖြန် အန်တီလည်း သားရှိရာ အကျဉ်းထောင်ကို သွားကြည့်ပါမယ်” ဟု ဒေါ်ဌေးဌေးဝင်းက ပြောသည်။

လွတ်မြောက်လာသူများနှင့် စကားလက်ဆုံကျနေရင်းမှ ဒေါ်ဌေးဌေးဝင်းက အထိန်းသိမ်းခံနေကြရသော သားနှင့် ခင်ပွန်းသည်ကို သတိရလာဟန် ရှိပြီး မျက်နှာ ညှိုးကျသွားသည်။

မင်းထင်ကိုကိုကြီး၊ အနဂ္ဂ၊ ဇေယျာသော်၊ ရန်ရန်ချန်း ၊ဆောင်းဦးလှိုင် စသည့် အနုပညာရှင်များလည်း လာရောက်ကြသည်။

ဒေါ်အောင်ဆန်းစုကြည် ဆရာတော်ကို ဖူးမျှော်ပြီး ဆွမ်းစားဆောင်သို့ကူးလာသည့်အခါတွင် ပြည်သူလူထုမှာ ကွင်းလုံးပြည့်မျှဖြစ်နေသည်။

ပင်နီဝတ် NLD လူငယ်အဖွဲ့ဝင်များလည်း လူအုပ်ထဲ အတင်းတိုးပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် လျှောက်လမ်းနေရာ ဖန်တီးပေးနေကြသည်။

“ကျမလေ ရင်တွေခုန်ပြီး ငိုချင်တယ်။ အမေစုရေ လို့ကို အော်ငိုချင်တာပဲ။ လူတွေကလည်း အရမ်းများတယ်၊ အမေ့မျက်နှာလေးကို တချက်ဖြစ်ဖြစ် တွေ့ရ တွေ့ရ ဆိုပြီး လာခဲ့တာ။ အိမ်က ဒီအတိုင်း ထားခဲ့ရတယ်” ဟု မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ အိမ်ရှင်မတဦးက ပြောသည်။

မင်းကိုနိုင်မွေးနေ့အခမ်းအနား ကျင်းပရာ လေးလွှာ ဆွမ်းစားဆောင် အပေါ်ဆုံးထပ်သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိသည့်အခါ ပရိသတ် ထောင်နှင့်ချီပြီး ထိုနေရာတွင် ရောက်နေသည်။ တတိယထပ်၊ ဒုတိယထပ်တို့တွင်လည်း ဧည့်ပရိသတ်များနှင့် အပြည့်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း အစပြုသည်နှင့် ခန်းလုံးပြည့် ဧည့်ပရိသတ်တို့ ငြိမ်သက်သွားကြသည်။

ပရိသတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်မျက်နှာကို လေးစားခြင်းအပြည့်ဖြင့် ငေးမောရင်း မိန့်ခွန်းနားထောင်နေကြသည်။

“အလုပ်တခုကို ကိုယ်လုပ်လို့ရှိရင် တကယ်မှန်တယ်ထင်လို့ လုပ်တာလား၊ ကိုယ် လုပ်ချင်လို့လုပ်တာလား။ ဒီလိုဟာကို သုံးသပ်တဲ့နေရာမှာ အင်မတန်မှ ဖြောင့်မတ်ဖို့ လိုတယ်။ ကိုယ့်ကိုကိုယ် မလှည့်ဖျားဖို့ လိုတယ်။ သူများကိုလှည့်ဖျားတာ ဒုတိယလာတယ်။ ပထမဦးဆုံးက ကိုယ့်ကိုယ်ကိုယ် မလှည့်ဖျားရဘူး။ ကိစ္စတခုကို လုပ်လို့ရှိရင် ကိုယ့်အတွက်လား၊ အများအတွက်လား၊ အမှန်တရားအတွက်လား ဒါကို သေသေချာချာသုံးသပ်ရမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က မိနစ် ၂၀ ခန့်ကြာအောင် မိန့်ခွန်းပြောခဲ့သည်။

မင်းကိုနိုင် နိုင်ငံရေးလုပ်နိုင်ခြင်းသည် မိသားစု၏ နားလည်၊ ထောက်ခံပေးမှုကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် မိသားစုအား ကျေးဇူးတင်ရမည် ဖြစ်ကြောင်း မိန့်ခွန်း၏ အစတွင် ထည့်ပြောသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအပြီးတွင် အာသောက ဖောင်ဒေးရှင်း၊ ချင်းတိုင်းရင်းသား နိုင်ငံရေးသမား ဦးဇိုဇမ်တို့ကလည်း ပြောဆိုကြသည်။ ဇာဂနာအလှည့်တွင် ပရိသတ်များ တက်ကြွ ရွှင်လန်းလာကြသည်။

ဇာဂနာက မိုက်ကို ဟန်ပါပါ ကိုင်ရင်း ပရိသတ် အာရုံကို အကြည်ဓာတ်ဖြင့် ဖမ်းစားယူဆောင်ကာ ပြောဆိုခဲ့သည်။

“မင်းကိုနိုင်ရဲ့ သီချင်းဟာ၊ ကျနော် အသံဝင်နေလို့၊ မဟုတ်ရင် ဆိုပြလို့ရတယ်။ အဲဒီ့သီချင်းရဲ့ သံပြိုင်ပိုဒ်ကလေးဘာလဲ၊ မင်းကိုနိုင်ဘာလဲ ဆိုတာ။ အဲဒါက ဘာလဲဆိုတော့ အာဃာတ တရား …. အငြိုးများ ပျောက်ကွယ်စေ … ချိုးဖြူငှက်ရဲ့ သီချင်းများ သာယာစေ။ ခိုင်မာခြင်း၊ ညီညာခြင်း မြန်မာ ဆိုတဲ့ မူရင်းအဓိပ္ပာယ် …. အပြည့် ပေါ်လွင်စေ။ အဲဒါ မင်းကိုနိုင်ရဲ့ သံပြိုင်အပိုဒ်ပါ” ဟု ဇာဂနာက ပြောသည်။

“ခိုင်မာခြင်းနဲ့ ညီညာခြင်းကို အမြဲ လိုချင်တဲ့ ကျနော့် သူငယ်ချင်းကို သမ္မတကြီး ခင်ဗျာ ….. ဒီကနေ့ မွေးနေ့လက်ဆောင်အဖြစ် ပြန်လွှတ်ပေးပါ” ဟု ဇာဂနာ ပြောအပြီး လက်ခုပ်သံ တဖြောင်းဖြောင်းက ဆွမ်းစားဆောင် အပေါ်ဆုံးထပ် လေးလွှာတွင်သာမက ကားထားရာကွင်းပြင်အထိပါ ဟိန်းထွက်သွားသည်။

ကွင်းထဲရှိ ပြည်သူလူထုမှာ များသထက်များလာပြီး တချို့မှာ ဆွမ်းစားဆောင်အောက်ခြေအထိ ရောက်လာကြတော့သည်။ အမေစု…အမေစု… ဆိုသော ကြွေးကြော်သံတို့ ညံနေသည်။

အခမ်းအနားပြီးဆုံးသည့်အခါ ဒေါ်အောင်ဆန်းစုကြည်က ပြတင်းပေါက်နား ရပ်ပြီး ကွင်းထဲရှိ ပြည်သူလူထုအား နှုတ်ဆက် စကားပြောသည်။

ဘုန်းကြီးကျောင်းလုံးပြည့် ဖြစ်နေသော ပြည်သူတို့မှာ လေးထပ်ဆောင် ပြတင်းပေါက်ရှိ ဒေါ်အောင်ဆန်းစုကြည်အား ငေးမောရင်း နားထောင်ကြသည်၊ အမျိုးသမီးတချို့က မျက်ရည်ကျသည်။

ဒေါ်အောင်ဆန်းစုကြည် စကားပြောအပြီးတွင် ကိုဇာဂနာက ပြည်သူလူထုကို မင်္ဂလာပါ ဟု နှုတ်ဆက်သည်၊ အသံဝင်နေသောကြောင့် စကားများများမပြောနိုင်ကြောင်း တောင်းပန်သည်။ လက်ခုပ်တီးသံ၊ ကိုဇာဂနာဟု ကြွေးကြော်သံတို့ ညံသွားသည်။

ဒေါ်အောင်ဆန်းစုကြည် ဆွမ်းစားဆောင်မှ ဆင်းပြီး ကားသို့သွားရာ လမ်းတလျှောက်မှာလည်း လက်ခုပ်သံ၊ ကြွေးကြော်သံတို့ဖြင့် မြည်ဟီးနေခဲ့သည်။

မွေးနေ့ရှင် မင်းကိုနိုင်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဇာဂနာ တို့ကို ချစ်ခင် လေးစားသူတို့၏ အော်ဟစ်နှုတ်ဆက်သံများ မရမ်းကုန်းမြို့နယ်တခုလုံး လွှမ်းခြုံနေခဲ့သည်ကိုတော့ မရမ်းကုန်းဒေသခံများအကြား ပြောစမှတ်ဖြစ်နေတော့သည်။

No comments: