Saturday, October 22, 2011

မြစ်ဆုံတွင် တိုးချဲ့ရွှေတူးရန် အစိုးရက ဒေသခံများကို နှင်ထုတ်

KNG


တန်ဖရဲရွာ ဧရာဝတီ မြစ်ဆုံဒေသတွင် ခါကာဘိုသတ္တုတူးဖော်ရေးကုမ္ပဏီနှင့် အမှတ်(၂) သတ္တုတွင်းလုပ်ငန်းတို့ အကျိုးတူ ရွှေဖက်စပ် တူးဖော်ရေးလုပ်ငန်းအတွက် ဒေသခံများကို လုပ်ငန်းခွင်အတွင်းမှ နှင်ထုတ်လိုက်သည်။

မလိ-အင်မိုင်မြစ်ဆုံဆည် ဆိုင်းငံ့ခြင်း ကြေညာပြီးနောက် ၅ ရက်အကြာ ဆည်စီမံကိန်းဒေသတွင် အစိုးရ ပိုင်ရွှေတူး ဖော်ရေး လုပ်ငန်း အတွက် ဒေသခံများကို ပြောင်းရွှေ့ရန် အမိန့်ပေးလိုက်သည်ဟု ကချင်လူမှုဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့ (KDNG) ၏ အောက်တိုဘာ (၂၁) ရက် ထုတ်ပြန်ကြေညာချက်အရ သိရသည်။

“မြစ်ကြီးနားမြို့၊ တန်ဖရဲကျေးရွာအုပ်စုတွင် တရားဝင်ရွှေသတ္တုတူးဖော်ရန်ခွင့်ပြုထားသည့် ခါကာဘိုကုမ္ပဏီမှလွဲ၍ ကျန်ရှိသော တန်ဖရဲမြစ်ဆုံဒေသတွင် ရွှေသတ္တုတူးဖော်နေသူများ၊ နေထိုင်သူများ၊ လူနေအဆောက်အဦးများ၊ ဈေးဆိုင်တန်းများသည် သတ်မှတ် လုပ်ငန်းခွင်နယ်နမိတ်အတွင်းမှ (၁၀-၁၀-၂၀၁၁) ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွာရန်နှင့် သတ်မှတ်ထားသောရက်အတွင်း ထွက်ခွာမှုမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ကြေငြာအပ်ပါသည်။” ဟု မြစ်ကြီးမြို့နယ်အုပ်ချုပ်ရေးဌာနမှ စာဖြင့်ညွှန်ကြားလာသဖြင့် လုပ်ငန်းရုပ်သိမ်းလိုက်ရကြောင်း ဒေသခံရွှေတူးဖော်နေသူတစ်ဦးပြောသည်။

ခါကာဘိုသတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်သည် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဦးရားဝမ်ဂျုံ ပိုင်ဆိုင်သည်ဟု နှင်ထုတ်ခံရသူများ ပြောသည်။

ယခင်က တန်ဖရဲမြစ်ဆုံဒေသတွင် ရွှေတူးဖော်မှုမရှိသော်လည်း ၂၀၀၉ ခုနှစ်တွင် မြစ်ဆုံဆည်စီမံကိန်း တည်ဆောက်မှုလုပ်ငန်း စတင် လာပြီးနောက် ကျေးရွာများ ရွှေ့ပြောင်းရသည့်ပြင် ရွှေတူးဖော်လာကြသည်။

No comments: