Sunday, October 16, 2011

အစိုးရတပ်မှ ကလေးစစ်သား ကရင်နီထိန်းချုပ်နယ်မြေသို့ ထွက်ပြေး

ဆယ်ဖိုးရှေး

ကရင်နီပြည် ရှားတောမြို့နယ် ဓါတ်ခဲကုန်းအခြေစိုက် တပ်ရင်းမှူး နိုင်ဦးလှိုင် ဦးဆောင်သည့် ခလရ ၅၃၁ တပ်မှ အသက် ၁၆ နှစ်အရွယ် ကလေးစစ်သားတဦး ကရင်နီတပ်များ ထိန်းချုပ်ရာနယ်မြေတွင်းသို့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထွက်ပြေးရောက်ရှိလာသည်။
၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် အသက် ၁၄ နှစ်အရွယ်ရှိသည့် မောင်ချစ်မင်းသူကို အဖေဖြစ်သူမှ စစ်ထဲသို့ဝင်ရန် ပိုက်ဆံ ၅ သောင်းဖြင့် လဲလှယ်ခဲ့သဖြင့် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ရှိ လေ့ကျင့်ရေးတပ်စခန်းတွင် စစ်သင်တန်း ၆ လတက်ခဲ့ရသည်။ ၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် စစ်သင်တန်းဆင်းပြီး ကရင်နီပြည်နယ် ရှေ့တန်းနယ်မြေဘက်ကို ရောက်လာခဲ့ခြင်းဖြစ်သည်။

“ရှေ့တန်းကနေ ထွက်ပြေးလာတယ်ဆိုတာက သူ့တို့ကို သစ္စာဖောက်သလို ဖြစ်တာပေါ့နော်။ သူ့တို့ စောက်မြင်ကပ် ပုဒ်မ လုပ်မယ်ဆိုရင် သေဒဏ်တောင် ကျရင်ကျနိုင်တယ်။ ဘာလို့လဲဆို စစ်သား စွန့်ခွာမှုရှိတယ် လက်နက်စွန့်ခွာမှုရှိတယ်။ အရင်တခေါက်တုန်းကလည်း ရှေ့တန်းကိုထွက်တယ် ဆရာတွေရဲ့ ညှင်းဆဲမှုကိုခံရတယ်။ အခုက ကျနော်မခံနိုင်တော့လို့ ကိုယ့်စိတ်နဲ့ကိုယ် ထွက်လာတာပါ” ဟု ရဲဘော် မောင်ချစ်မင်းသူက ပြောပါသည်။

ကလေးစစ်သား စုဆောင်းမှုများကို အစိုးရစစ်တပ်အတွင်းမှ အရာရှိများကိုယ်တိုင် ပါဝင်နေမှုများရှိနေပြီး လူကုန်ကူးမှုတရပ်သဖွယ် ဖြစ်နေသည့်အတွက် ပပျောက်နိုင်ခြင်းမရှိနိုင်ကြောင်း ပြင်ပမြန်မာမီဒီယာများ၌ ထွက်ပေါ်နေပါသည်။

မြန်မာနိုင်ငံ ကလေးစစ်သားအသုံးပြုခြင်းနှင့် ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂတို့၏ ထုတ်ပြန်ကြေငြာထားချက်များအရ ကလေးစစ်သားအသုံးပြုမှုကို အစိုးရစစ်တပ်ထဲမှာသာမက တိုင်းရင်းသား လက်နက်ကိုင်အတွင်းတွေမှာပါ အသုံးပြုနေမှုများရှိသည်ဟု ဆိုသည်။

ကရင်နီလက်နက်ကိုင်တပ်တွင်း၌ စစ်တပ်စုဆောင်းရေးနှင့် ပတ်သက်ပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ကေအဲန်ပီပီ ပြောရေးဆိုခွင့်ရှိသူက ယခုလိုပြောပါသည်။

“ကျနော်တို့ လူမျိုးက မလွတ်မြောက်သေးတဲ့အတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေ ကြောင်းအရ ကြည့်ရင်တော့ ကျနော်တို့ ဘာတခုမှ မညီညွတ်ပါဘူး။ ကျနော်တို့ အခြေအနေက အပြည်ပြည်ဆိုင်ရာနဲ့ နှိုင်းစံလို့မရသေးဘူး။ ကျနော်တို့က လွတ်မှ မလွတ်မြောက်သေးတာ။ လွတ်မြောက်ပြီးတဲ့ ဒီနေ့ အမေရီကန်ပြည်ထောင်စု အင်င်္ဂလန် တို့မှာလည်း သူ့တို့ဆီမှာ ကလေးစစ်သား မရှိဘူးလား ဆိုတာ ကျနော်တို့ သိဖို့လိုတယ်” ဟု ကေအဲန်ပီပီအတွင်းရေးမှူး ခူးဦးရယ်က ပြောပါသည်။

မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသည့် ကလေးသူငယ် စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေး ကော်မီတီကို ၂၀၀၄ ခုနှစ်က စစ်ဘက်အရာရှိများဖြင့် ဖွဲ့စည်းခဲ့သော်လည်း ကလေးစစ်သားအဓမ္မ စုဆောင်းခံရမှုမှာ တနှစ်ထက်တနှစ် မြင့်တက်လာနေကြောင်း သိရသည်။

No comments: