Saturday, November 2, 2013

မန္တလေးခရိုင်အတွင်း ဟိုတယ်ဝန်ထမ်းများမှစတင်ကာ စတိုးဆိုင်ဝန်ထမ်းအထိ လုံခြုံရေးသင်တန်းပေးနေ

အောင်ကိုဦး

မန္တလေးခရိုင်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ စူပါမားကက်၊ စတိုးဆိုင်နှင့် စားသောက်ဆိုင်များရှိ ၀န်ထမ်းများ ကိုလုံခြုံရေးအသိပညာပေး သုံးရက်သင်တန်းကို အောက်တိုဘာလ၂၉မှစတင်ကာ ပို့ချနေကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီးစိန်ထွန်းက မဇ္ဈိမကို ပြောသည်။

“သင်တန်းဖွင့်လှစ်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ မိုင်းတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ သိစေ ချင်လို့ဒါမှ ပိုပြီးအသိရှိလာမယ်။ အသိရှိလာရင်သတိပါရှိလာပြီ။ ကြိုတင်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် အသိပညာပေးဖို့ ဖွင့်လှစ်နေတာပါ”ဟုဒု-ရဲမှူးကြီးစိန်ထွန်းက ပြောသည်။

လုံခြုံရေးအသိပညာပေးမှုသင်တန်းတွင် လုံခြုံရေးသဘောတရားများ မိုင်းရှင်းလင်းရှာဖွေရေးနှင့် ကြိုတင် ကာကွယ်ရေး၊ ပစ္စည်းနှင့်အဆောက်အအုံ လုံခြုံရေး၊ ၀န်ထမ်းအမှုထမ်းများ၏ လုံခြုံရေး လုံခြုံရေး အထောက်အကူပြု ပစ္စည်းများကိုင်တွယ်အသုံးပြုနည်းနှင့် နယ်မြေခံတပ်ရင်း တပ်ဖွဲ့များနှင့် ဆက်သွယ်ကာ ပူးပေါင်းဆောင်ရွက်တတ်စေရန်တို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှုခင်းတပ်ဖွဲ့နှင့်သတင်းတပ်ဖွဲ့တို့က သင် ကြားခြင်း ဖြစ်သည်။

လုံခြုံရေး အသိပညာပေးမှုသင်တန်းကို အောက်တိုဘာလ ၂၉ ရက်မှ ၃၁ ရက်အထိ ပြည်ကြီးတံခွန်မြို့ နယ်ကနောင်ခန်းမတွင် သင်ကြားပေးဖြစ်သည်။

သင်တန်းတွင် မန္တလေးခရိုင်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ စူပါမားကက်၊ စတိုးဆိုင်နှင့်စားသောက်ဆိုင် အပါအ၀င်ဆိုင်ပေါင်း၁၆၇ဆိုင်တို့မှ လုပ်ငန်းရှင်များဆိုင်ပိုင်ရှင်များ၊ ၀န်ထမ်းများ အယောက်၂၀၀ တက် ရောက်ခဲ့သည်။

မန္တလေးမြို့တွင် အောက်တိုဘာလအတွင်းက မပေါက်ကွဲသေးသောဗုံးတစ်လုံးကို ရွှေဘဲစားသောက်ဆိုင် အနီးတွင်တွေ့ရှိခဲ့ပြီး ဗုံးလန့်မှုများလည်း ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့သည်။ ထိုလထဲတွင်ပင် ရန်ကုန်၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်း တောင်ငူမြို့တို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

No comments: