Monday, November 25, 2013

အီလန်မြန်မာ အထည်ချုပ်အလုပ်သမားများ ဆန္ဒပြတောင်းဆိုမှု ၁၂ ရက်အကြာတွင် ပြေလည်မှုရရှိ

နန်းမြင့်

အခြေခံလစာတိုးမြှင့်ပေးရန်အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ရွှေပြည်သာမြို့နယ်မှ အီလန်မြန်မာ အထည်ချုပ်စက်ရုံ အလုပ်သမားများကို အလုပ်ရှင်ဖက်မှ တစ်သောင်းကျပ်တိုးပေးကာ ဆန္ဒပြသည့်ရက်များအတွက်လည်း လစာပေးမည်ဖြစ်သည့်အတွက် နိုဝင်ဘာ ၂၃ ရက်တွင် ပြေလည်မှု ရရှိသွားပြီဖြစ်သည်။

အလုပ်သမားများဖက်မှ အခြေခံလစာကို လက်ရှိလစာအပြင် သုံးသောင်းထပ်မံတိုးပေးရန် ဆန္ဒပြတောင်းဆိုရာတွင် အလုပ်ရှင်ဖက်မှ တစ်သောင်းသာ တိုးပေးခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများ ဆန္ဒပြခဲ့သည့် ရက်များအတွက်လည်း လစာပေးရန်တောင်းဆိုရာတွင် ကုမ္ပဏီဖက်မှ လိုက်လျောခဲ့သည့်အတွက် ယခုကဲ့သို့ ပြေလည်သွားခြင်းဖြစ်သည်။

အဆိုပါ အထည်ချုပ်စက်ရုံမှ အလုပ်သမားသမဂ္ဂခေါင်းဆောင် ဦးမျိုးမင်းမင်းက “အလုပ်ရှင်နဲ့ ပြေလည်မှုရရှိခဲ့ပါပြီ။ ၂၆ ရက်နေ့(အင်္ဂါနေ့) မှာ အလုပ်သမားတွေ အကုန်လုံးအလုပ်ပြန်ဆင်းရမယ်။ အလုပ်သမားတွေကို ခရစ်စမတ်နေ့ အပိုငွေ(ဘောနပ်စ်) ပေးမယ်။ လာမယ့် ဧပြီလမှာလည်း လစာတိုးပေးမယ်” ဟု ဆိုသည်။

အလုပ်သမားများအနေနှင့် လစာတိုးမြှင့်ရေးအတွက် နိုဝင်ဘာ ၁၂ ရက်မှ စတင်၍ ဆန္ဒပြခဲ့ရာ နိုဝင်ဘာ ၁၉ ရက်တွင် ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေခဲ့ဘဲ အလုပ်သမား ခြောက်ဦးကိုအလုပ်မှ ထုတ်ပယ်မည်ဟု အလုပ်ရှင်ဖက်မှ ပြောဆိုခဲ့ပြီးနောက် အလုပ်သမား ၇၀၀ ခန့်က ဆက်လက်ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် နိုဝင်ဘာ ၂၃ တွင် ပြေလည်မှု ရရှိသွားခြင်းဖြစ်သည်။

စက်ရုံအလုပ်သမားများအနေနှင့် စုစုပေါင်း ၁၁ ရက်တိတိ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အထည်ချုပ်စက်ရုံမှ အထွေထွေမန်နေဂျာ မသိင်္ဂီက “အလုပ်သမားတွေနဲ့ ညှိနှိုင်းမှု ပြေလည်သွားပါပြီ” ဟု အတည်ပြုပြောကြားသည်။

လက်ရှိ အလုပ်သမားတစ်ဦး အခြေခံလစာမှာ ၃၃၀၀၀ ကျပ်ရရှိပြီး အချိန်ပိုများထည့်ပေါင်းလျှင် တစ်လ လစာ ငွေကျပ် ၉၀၀၀၀ ၀န်းကျင်သာရရှိကာ ယခုအခါ အခြေခံလစာတွင် တစ်သောင်းထပ်မံတိုးပေးလိုက်သည့်အတွက် တစ်သိန်းဝန်းကျင် ရရှိမည်ဖြစ်သည်။

No comments: