Saturday, March 28, 2015

အခမဲ့ ပြသသည့် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းများ ကြည့်ရှုသူ နည်းပါး

ပန်းမြတ်ဇော်

မတ် ၂၇ ရက်တွင် ကျရောက်သည့် နှစ် ၇၀ ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်နှင့် မန္တလေး မြို့တို့တွှင် တပ်မတော်နေ့ ဂုဏ်ပြု ဇာတ်လမ်းများကို အများပြည်သူသို့ အခမဲ့ ပြသခဲ့ သော်လည်း လာရောက် ကြည့်ရှူသူ ဦးရေ အနည်းငယ်သာ ရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့ရှိ ရှေ့ဆောင် ရုပ်ရှင်ရုံ နှင့် မန္တလေး မြို့ရှိ မြို့ဂုဏ်ရောင် ရုပ်ရှင် ရုံတို့တွင် တပ်မတော်နေ့ အထိမ်းအမှတ် အဖြစ် မတ်လ ၂၇ ရက်နေ့ ၌ “အဖေနှင့် သားများ” ဇာတ်လမ်း၊ “ကြယ်စင်မော်ကွန်း” ဇာတ်လမ်း၊ “အဖေတူသား” ဇာတ်လမ်း၊ “ကြယ်စင်မော်ကွန်း” ဇာတ်လမ်း၊ “သားကောင်းမိခင်” ဇာတ်လမ်းများကို လည်းကောင်း အခမဲ့ ပြသ ခဲ့ရာ ရှေ့ဆောင် ရုပ်ရှင်ရုံတွင် လာရောက်ကြည့်ရှုသူ နည်းပါးသည်ကို မဇ္ဈိမ သတင်းထောက်က ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။

ရှေ့ဆောင် ရုပ်ရှင်သို့ လာရောက်ကြည့်ရှုသူ အသက် ၂၅နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦးက " ဒီနေ့ ပိတ်ရက် ဆိုတော့ ရုပ်ရှင် လာကြည့်တာ ။ ဒီရောက်တော့ တပ်မတော်ကားတွေ ပြနေတယ်။ ပြီးတော့ အဲဒီ ကားတွေက ကြည့်ပြီးသား ဇာတ်လမ်း အဟောင်းတွေ တီဗီ မှာ ပြပြီးသားတွေ။ ပိတ်ရက်မှာ ဇာတ်ကား အသစ်ပဲ ကြည့်ချင်တယ်။ အဲတာကြောင့် တခြားရုံမှာပဲ သွားကြည့်တော့မယ်" ဟု ပြောသည်။ အဆိုပါ ဇာတ်ကားများကို မတ် ၂၇ ရက်တွင် အခမဲ့ ပြသမည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ကြေညာခဲ့သည်။

လာရောက် ကြည့်ရှုသူ တစ်ဦးဖြစ်သည့် အသက် ၃၅ နှစ် ၀န်းကျင်ရှိ ကိုထွေးက " ကျွန်တော်ကတော့ တပ်မတော်နေ့မှာ ဒီလို ဇာတ်ကားတွေ ပြတဲ့ အတွက် သဘောကျတယ်။ ဒီခေတ် ကလေးတွေက နိုင်ငံခြား အပြုအမူ ဇာတ်ကားတွေလောက်ပဲ စိတ်ဝင်စားကြတယ်။ မြန်မာပြည်က အနေအထား တွေကို သိပ်ပြီး အာရုံမစိုက်ကြဘူး။ လူငယ်တွေ အနေနဲ့ စိတ်ဝင်စားသင့်တယ်" ဟု ပြောသည်။

တပ်မတော်နေ့ ဂုဏ်ပြု ဇာတ်လမ်းများကို မန္တလေးမြို့ရှိ မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံတွင်လည်း ပြသခဲ့ရာ နံနက် ၁၀ နာရီ ပွဲတွင် လာရောက် ကြည့်ရှူသူ အရေအတွက် ၄၅ နှင့် ၅၀ ကြားတွင် ရှိကြောင်း မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံ မှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။ ပုံမှန် အားဖြင့် မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံ သည် အောက်ထပ် ၂၅၈ယောက် ၊ အပေါ်ထပ် ၁၄၅ယောက် ဆန့်သည့် ရုပ်ရှင်ရုံ ဖြစ်သည်။

ရှေ့ဆောင် ရုပ်ရှင်ရုံသို့ လာရောက် ကြည့်ရှုသူ အချို့ကမူ အဆိုပါ ဂုဏ်ပြု ဇာတ်ကားများ ပြသ နေသည့် အတွက် ပြန်လည် ထွက်သွားကြသည်ကိုလည်း တွေ့ရသည်။ ရန်ကုန်မြို့ရှိ ရှေ့ဆောင် ရုပ်ရှင်ရုံ တွင် နံနက် ၁၀ နာရီတွင် “အဖေနှင့် သားများ” ဇာတ်လမ်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် “ကြယ်စင်မော်ကွန်း” ဇာတ်လမ်း၊ ညနေ ၃ နာရီခွဲတွင် “အဖေတူသား” ဇာတ်လမ်း၊ ညနေ ၆ နာရီခွဲတွင် “ကြယ်စင်မော်ကွန်း” ဇာတ်လမ်း၊ ည ၉ နာရီခွဲတွင် “သားကောင်းမိခင်” ဇာတ်လမ်းများကို လည်းကောင်း၊ မန္တလေးမြို့ မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံ၌ မတ်လ ၂၇ ရက်နေ့ နံနက် ၁၀နာရီ ၊ မွန်းလွဲ ၁နာရီ ၊ ညနေ ၃နာရီခွဲ၊ ညနေ ၆နာရီ ခွဲ ၊ ည ၉ နာရီခွဲ တို့တွင် “ကြယ်စင်မော်ကွန်း” ဇာတ်လမ်းကို လည်းကောင်း အခမဲ့ ပြသခြင်း ဖြစ်သည်။

No comments: