Monday, March 30, 2015

ဒေါ်အောင်ဆန်းစုကြည်နှင့် ကေအင်န်ယူဥက္ကဋ္ဌတို့ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ရေးနှင့် ရွေးကောက်ပွဲကိစ္စများ နှစ်နာရီခွဲခန့် ဆွေးနွေးခဲ့

ဝင်းကိုကိုလတ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကေအင်န်ယူ ဥက္ကဋ္ဌ စောမူတူးစေးဖိုး ခေါင်းဆောင်သည့် အဖွဲ့တို့သည် ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် လာမည့် ရွေးကောက်ပွဲ ကိစ္စများ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ ကေအင်န်ယူအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက "အခုကျွန်တော်တို့ နိုင်ငံရေး အခြေအနေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရယ်၊ နောက်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စရယ်၊ နောက်ပြီးတော့ လာမည့်ရွေးကောက်ပွဲကိစ္စတွေရယ် အဲ့ဒါတွေ ဆွေးနွေးဖြစ်ကြတယ်’’ ဟု ပြောကြားသည်။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ယနေ့ညနေ ၃ နာရီ၊ မိနစ် ၅၀ ခန့်မှ ၆ နာရီ၊ ၁၅ မိနစ်ခန့်အထိ ၂ နာရီ၊ ၂၅ မိနစ်ခန့် တွေ့ဆုံခဲ့အပြီး ၎င်းက သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖဒိုစောကွယ်ထူးဝင်းက ‘‘ပိုမိုနားလည်မှု ရှိသွားတာပေါ့။ အခုက အမြင်ချင်းဖလှယ်တဲ့ အနေအထားရှိတယ်’’ ဟု ပြောကြားသည်။

‘‘ရွေးကောက်ပွဲဆိုတာက ကျွန်တော်တို့ ဒီမိုကရေစီ ချီတက်နေတုန်းမှာ ပိုမိုအရေးကြီးတယ် ဆိုတာကို ဆွေးနွေးကြတာပေါ့’’ ဟု ဖြည့်စွက်ပြောသည်။

ထို့ပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်သည့် ရည်မှန်းချက် သုံးရပ်ဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေးကိစ္စများကို လည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

၎င်းက ‘‘အခြေခံဥပဒေ ပြင်ဆင်ရေးကတော့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ လက်ထဲမှာ။ နောက်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျွန်တော်တို့တိုင်းရင်းသားတွေ ကြိုးပမ်းဆောင်ရွက်နေကြတဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကနေတစ်ဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲမှာလည်း ကျွန်တော်တို့ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ဆွေးနွေးပြီးတော့ လိုအပ်သလို ပြင်ဆင်ဖို့ ရည်ရွယ်ချက်ရှိပါတယ်’’ ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ပူးပေါင်းဆောင်ရွက်၍ အခက်အခဲများကို ကျော်လွှားရန်၊ မျှော်လင့်ချက် အမြဲထားရှိရန် ပြောကြားခဲ့သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

၎င်းက ‘‘နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆိုတဲ့နေရာမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီကို ချီတက်တဲ့နေရာမှာပေါ့။ ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေး လုပ်နေတယ်ဆိုတာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို လုပ်နေတာပဲ။ ဒါတွေကိုလည်း ဒေါ်စုကတော့ လက်ခံပါတယ်’’ ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကေအင်န်ယူဥက္ကဋ္ဌ မူတူးစေးဖိုးတို့သည် ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး အင်န်အယ်လ်ဒီဘက်မှ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးဟန်သာမြင့်တို့ တက်ရောက်ကာ ကေအင်န်ယူဘက်မှ ဥက္ကဋ္ဌ မူတူးစေးဖိုး အပါအဝင် ၁၁ ဦး တက်ရောက်ခဲ့သည်။

No comments: