Tuesday, March 31, 2015

ဗိုလ်ချုပ်ဟောင်း တဦး သိမ်းယူထားသည့်မြေများ ပြန်ရရန် ဒေသခံများ တောင်းဆိုမည်

ဘုန်းမြတ်

ယခင် စစ်အစိုးရ လက်ထက် ပို့ဆောင်ရေးဝန်ကြီး တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ဟောင်း သိန်းဆွေ သိမ်းယူထားသည့် ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် စာဘူးတောင်း ကျေးရွာအုပ်စုရှိ မြေ ဧက ၅၀ ကျော်ကို ဒေသခံ ရွာသားများက ပြန်လည် ရယူရန် စီစဉ် နေကြောင်း သတင်း ရသည်။

စာဘူးတောင်း ကျေးရွာအုပ်စု အင်ကြင်းကွင်း ကျေးရွာအနီး ကွင်းအမှတ် ၁၀၀၆ ကျေးရွာပိုင်မြေ ၈၅ ဧကအနက် ဧက ၅၀ ကျော်ကို ၂၀၀၁ -၂၀၀၂ ခုနှစ်က သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပြကြသည်။

“ဗိုလ်ချုပ်သိန်းဆွေက ၂၀၀၁- ၂၀၀၂ ကစပြီး သိမ်းထားတာပါ။ အခုချိန်ထိအဲဒီနေရာမှာ ဘာစီမံကိန်းမှလည်း မလုပ်ဘူး။ မြေလွတ် တောရိုင်းကြီး ဖြစ်နေတယ်။ ဒါကို စာဘူးတောင်းကျေးရွာအုပ်စုက အိမ်ယာမဲ့တွေ၊ စစ်တပ်အငြိမ်းစားတွေ အတွက် အိမ်နေရာ ကွက် သစ် ဖော်ဆောင်ဖို့ တောင်းခံသွားမှာပါ”ဟု အင်းကြင်းကွင်း ကျေးရွာမှ ဦးအေးကျော်က ပြောသည်။

ဗိုလ်ချုပ်သိန်းဆွေ သိမ်းယူထားသည် ဆိုသော မြေဧက ၅၀ ကျော်သည် လှည်းကူးမြို့နယ် ရဲမွန်တပ်မြို့ရှိ တပ်မ ၁၁ အနီးတွင် တည်ရှိကြောင်း သိရသည်။

ထိုသိမ်းဆည်းခံထားရသည့် မြေဧကများ ပြန်လည်ရရှိရန် လှည်းကူးမြို့နယ် မြေစာရင်း ဦးစီးဌာနမှ တဆင့် သက်ဆိုင်ရာ ဌာနများသို့ တင်ပြတောင်းခံ သွားမည်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါ မြေများနှင့်ပတ်သက်ပြီး ရဲမွန်တပ် အရာခံနှင့် အကြပ်ကြီး သင်တန်းကျောင်းမှ အငြိမ်းစား ဒုအရာခံဗိုလ် အုန်းကျော်က“ ကျနော်က ဗိုလ်ချုပ်ဝင်းမြင့်ခြံမှာ တာဝန်ထမ်းဆောင် ခဲ့တာပါ။ ဗိုလ်ချုပ်ဝင်းမြင့် ဆိုတာက လေ့ကျင့်ရေးချုပ်ပါ။ ဗိုလ်ချုပ်ဝင်းမြင့်က ဗိုလ်ချုပ် သိန်းဆွေကို ဒီမြေကို မင်းသိမ်းလိုက်၊ ပြီးရင် ခြံခတ်လိုက်လို့ ပြောပါတယ်၊ ကျနော်က အနီးကပ်နေခဲ့တော့ သိခဲ့ရတယ်။ အရင်က ဒီနေရာက ၀ါးတောကြီး။ ကျနော်တို့ ရှင်းလင်းပေးခဲ့ရတာပါ။ ရှင်းပြီးတော့ ၉၅ ဧက လောက် ထွက်တယ်”ဟု ပြောပြသည်။

ဗိုလ်ချုပ်ဟောင်း သိန်းဆွေ သိမ်းယူထားသည်ဆိုသည့် မြေဧကများနှင့်ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနက လှည်းကူးမြို့နယ် မြေ စာရင်း ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရာ ဦးစီးမှူး မရှိကြောင်းသာ တာဝန်ကျဝန်ထမ်းတဦးက ပြန်လည်ဖြေကြားသည်။

မြေသိမ်းဆည်းခံခဲ့ရသည့် အင်းကြင်းကွင်း ရွာသူ အသက် ၆၀ အရွယ် ဒေါ်လှမြိုင်က“ကျမရဲ့မြေ ဧက ၇ ဧက သိမ်းခံခဲ့ရတာပါ။ ဗိုလ်ချုပ် ဦးသိန်းဆွေပဲ သိမ်းတာပဲ။ ဒီနေ့ထိ လျော်ကြေးလည်း တပြားမှ မရဘူး”ဟု ပြောသည်။

ဗိုလ်ချုပ်ဟောင်း သိန်းဆွေသည် ယခင် စစ်အစိုးရ လက်ထက်က ပို့ဆောင်ရေး ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ် ဟောင်းတဦး ဖြစ်သည်။

No comments: