သီဟကိုကို
ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေနှင့် မြောက်ဦးတို့တွင် မိုးပျံပူဖောင်းခရီးစဉ်များ ပျံသန်းရန် Oriental Ballooning ကုမ္ပဏီက စီစဉ်နေသည်ဟု ယင်းကုမ္ပဏီ၏ Operation Manager ဒေါ်နီနီခိုင်က ပြောသည်။
မိုးပျံပူဖောင်း ခရီးစဉ်များကို ပုဂံ၊ မန္တလေးနှင့် အင်းလေးဒေသတို့တွင် ပျံသန်းလျက်ရှိရာ နိုင်ငံခြားသား ခရီးသည် များက စိတ်ဝင်တစား စီးနင်းမှု ပိုမိုများပြားလာခြင်းကြောင့် ငပလီကမ်းခြေနှင့် မြောက်ဦးတို့တွင်ပါ မိုးပျံပူဖောင်း ခရီးစဉ်များ ပျံသန်းရန် စီစဉ်လာခြင်းဖြစ်သည်။
ငပလီကမ်းခြေတွင် မိုးပျံပူဖောင်း ခရီးစဉ်များကို လာမည့် ခရီးသွားရာသီ အစဖြစ်သည့် နိုဝင်ဘာလတွင် စတင် ပျံသန်းသွားရန် စီစဉ်ထားပြီး မြောက်ဦးဒေသတွင်မူ ၂၀၁၆ ခုနှစ်မှသာ ပျံသန်းသွားရန် Oriental Ballooning ကုမ္ပဏီက စီစဉ်ထားသည်။
ဒေါ်နီနီခိုင်က ''ငပလီကို Balloon တွေ ပျံသန်းဖို့ ဇန်နဝါရီလထဲမှာ စမ်းသပ်ပျံသန်း ပြီးသွားပါပြီ။ မြောက်ဦးကိုတော့ လာမည့်နှစ်ထဲမှာ ခရီးစဉ် ပျံသန်းနိုင်ဖို့ အစီအစဉ် ဆွဲထားတာပါ"ဟု ပြောသည်။
ငပလီကမ်းခြေတွင် လူစီး လေးဦး (သို့မဟုတ်) ရှစ်ဦးစီး မိုးပျံပူဖောင်းတစ်လုံးဖြင့် ခရီးစဉ် စတင်ပျံသန်းရန် စီစဉ်ထား ပြီး လက်ရှိအချိန်တွင် လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာနသို့ ခွင့်ပြုချက် တင်ပြထားပြီးဖြစ်သည်။
Oriental Ballooning သည် ပုဂံတွင် မိုးပျံပူဖောင်း ခြောက်လုံး၊ မန္တလေးတွင် တစ်လုံးနှင့် အင်းလေးတွင် မိုးပျံပူဖောင်း တစ်လုံးတို့ဖြင့် ခရီးစဉ်များ ပျံသန်းလျက်ရှိပြီး ၂၀၁၄ ခုနှစ် ခရီးသွားရာသီတွင် အင်းလေးဒေသ၌ စတင် ပျံသန်းခဲ့သည်။
No comments:
Post a Comment