Saturday, March 28, 2015

ဝန်ထမ်း လစာတိုးမှုကြောင့် နိုင်ငံငွေကြေး ဖောင်းပွမှုနှင့် ကုန်ဈေးနှုန်းအပေါ် သက်ရောက်မှုများ ရှိလာနိုင်

နိုင်နိုင်ဇော်

ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေသည့် အချိန်၌ အစိုးရ ဝန်ထမ်းများကို လစာထပ်မံတိုးမြင့်မှုမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ထပ်မံ မီးထိုးပေးသကဲ့သို့ ဖြစ်နေသည်ဟု စီးပွားရေး ပညာရှင်အသိုင်းအ၀ိုင်းက ဝေဖန်လိုက်သည်။

နိုင်ငံတကာ ချေးငွေများဖြင့် အစိုးရဘတ်ဂျက် အသုံးစရိတ် ခုနှိမ်နေရချိန်တွင် နိုင်ငံဝန်ထမ်းလစာ တိုးမြင့်မှုအား ပြန်လှန်စဉ်းစားသင့်ကြောင်း စီးပွားရေးပညာရှင်များက ပြောဆိုခြင်း ဖြစ်သည်။

“ငွေကြေးဖောင်းပွမှုတွေ ပြန်တက်နေသလို ဒေါ်လာငွေကြေးနဲ့ယှဉ်တဲ့ မြန်မာကျပ်ငွေတန်ဖိုးတွေ ကျဆင်းချိန် မှာ အစိုးရ၀န်ထမ်းလစာတွေ ထပ်တိုးပေးမယ်ဆိုရင်တော့ ငွေကြေးဖောင်းပွမှု ထပ်မံမြင့်တက်ဖို့ပဲရှိတယ်။ ငွေ ကြေးဖောင်းပွလို့ ကုန်ဈေးနှုန်းတွေ တက်မယ်ဆိုရင် ပြည်သူတွေ ပိုကျပ်တည်းကုန်မှာပါ”ဟု ဘတ်ဂျက်ပညာရှင် ဦးဇော်ဖေ၀င်းက ပြောသည်။

ပြည်ထောင်စု အစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် ၇/၂၀၁၅ ဆုံးဖြတ်ချက်အရ တိုးမြှင့်ပေးမည့် နိုင်ငံဝန်ထမ်း များ၏လစာနှုန်းထားတွင် အနိမ့်ဆုံး ၁၂၀,၀၀၀-၂,၀၀၀-၁၃၀,၀၀၀ မှ အမြင့်ဆုံး ၅ သိန်းအထိ ပြောင်းလဲသတ် မှတ်ထားပြီး လစဉ်အပိုထောက်ပံကြေးအား ပယ်နုတ်ထားသည်။ လက်ရှိစနစ်သစ်အရ အနိမ့်ဆုံးအဆင့် အခြေ ခံဝန်ထမ်းများ၏ အမှန်တကယ် လစာတိုးမြင့်မှုမှာ ကျပ်ငွေ တစ်သောင်းဝန်းကျင်သာ ရရှိပြီး ရာထူးကြီးမြင့်သူ များကိုသာ ဦးစားပေးထားသည့်ပုံစံဟုလည်း ပညာရှင်များက ဝေဖန်သည်။

စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်စိုးက“တကယ်တော့ ဒီတစ်ခါတိုးတာက လူအများစုရှိတဲ့ အခြေခံ ၀န်ထမ်းနေရာတွေမှာ သိပ်မခံစားရဘဲ နဂိုလစာ နှစ်သိန်းခွဲလောက်ရတဲ့ အထက်လူကြီးတွေကို ၅ သိန်းပေး လိုက်တော့ ဒါဟာအတော်ကို စဉ်းစားရမှာ။ ဆိုလိုချင်တာက လစာတိုးတာကို အဓိကခံစားရတာက လူနည်းစု။ ကုန်ဈေးနှုန်းတက်လို့ ထိမှာက အောက်ခြေ၀န်ထမ်းနဲ့ ပြည်သူဖြစ်နေတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံစီးပွားရေးနှင့် ပက်သက်၍ အာရှဖွံ့ဖြိုးရေးဘဏ်၏ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ခန့်မှန်းချက်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၈ ဒသမ ၃ ရာခိုင်နှုန်းရှိလာမည်ဖြစ်သော်လည်း ငွေကြေးဖောင်းပွမှုနှုန်းသည် ၈ ဒသ မ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်သည်ဟု ထုတ်ပြန်ထားရာ အစိုးရအသုံးစရိတ် မြင့်မားမှုနှင့် လစာငွေ တိုးမြှင့်မှုကြောင့် ငွေကြေးဖောင်းပွမှုနှုန်း ထပ်မံမမြင့်တက်အောင် ကိုင်တွယ်ရန်လိုသည်ဟု စီးပွားရေး ပညာရှင်များက တိုက်တွန်းသည်။

ဒေါက်တာ မောင်မောင်စိုးက “ဒီလိုငွေကြေးဖောင်းပွမှုတွေ ဖြစ်နေချိန်၊ ဘတ်ဂျက်လိုငွေတွေ ရှိတဲ့အချိန်မှာ အစိုးရ အသုံးစရိတ်ကို သတိထားဖို့တော့ လိုတာပေါ့” ဟု ထပ်မံပြောဆိုသည်။

မကြာမီကာလတွင်လည်း အနည်းဆုံးအခကြေးငွေဥပဒေများ ထွက်ပေါ်လာမည်ဖြစ်ပြီး ပုဂ္ဂလိက၀န်ထမ်းများ၏ လစာငွေကြေးများလည်း လိုက်ပါတိုးမြင့်မှုကြောင့် ပြည်သူ့လက်အတွင်း လှည်လည်သုံးစွဲငွေကြေး တိုးမြင့်မှုများ ရှိလာနိုင်ခြင်းကြောင့် ငွေကြေးဖောင်းပွဲမှုများ ဆက်လက် အားကောင်းလာဦးမည်ဟု ပညာရှင်အချို့က သုံးသပ်သည်။

No comments: