Saturday, December 10, 2016

ဝန်ထမ်းများ လက်ဖက်ရည်ဖိုး ပေးလှူမည့် အစီအစဉ် စတင်

ပိုင်စိုး

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ၀န်ထမ်းတွေရဲ့ လက်ဖက်ရည်ဖိုး ပေးလှူမယ့်အစီစဉ်ကို စတင်လိုက်ပါတယ်။

တရက်ကို လက်ဖက်ရည်တခွက် လျှော့သောက်မယ်ဆိုရင် လိုအပ်တဲ့နေရာတွေမှာ ဖြည့်ဆည်းနိုင်မယ်လို့ ဝန်ကြီးက ပြောဆိုပြီးတဲ့နောက် ဒီ မျှဝေခြင်းဆိုတဲ့ အစီအစဉ်ကို စတင်လိုက်တာပါ။

လယ်/ဆည်ဌာနရဲ့ လက်ထောက်အတွင်းဝန် ဦးမျိုးတင့်ထွန်းက “ငွေထည့်နိုင်မယ့် ပုံးလေးတွေ လုပ်ထားတာတွေ့တယ်။ တယောက်ကို ဘယ်လောက်ထည့်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တော့ မရှိပါဘူး။ မထည့်ရင်လည်း ရပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံတော်ရဲ့ ဘတ်ဂျက်မလုံလောက်တဲ့အတွက် မပြောပလောက်တဲ့ ငွေပမာဏနဲ့ ထည့်ဝင် ဖြည့်ဆည်းမယ့် အစီအစဉ်ကို သူတို့ဝန်ကြီးဌာနက စ လုပ်မယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ အောင်သူက ပြောဆိုခဲ့တာပါ။

ဆည်မြောင်းဌာန ဝန်ထမ်းတစ်ယောက်က “ဒီလို လုပ်မယ့်အစား ဌာနက လုပ်နေတဲ့ စီမံကိန်းကြီးတွေမှာ ငွေယိုပေါက်တွေ ဘယ်လောက်ရှိနေတယ်။ အပိုကုန်နေတယ်ဆိုတာ စိစစ်လိုက်ရင် ခု လုပ်တာထက်ပိုပြီး ငွေတွေ ထွက်လာမယ်” လို့ ပြောပါတယ်။

No comments: