Saturday, December 10, 2016

ရခိုင်ပြည်နယ်ပို့မည့် လက်နက်ခဲယမ်းများ ဘားအံမြို့အ၀င် ဖမ်းမိ

DVB


ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ လှိုင်းဘွဲ့-ဘားအံမြို့အ၀င်ဂိတ်မှာ ရခိုင်ပြည်နယ်ကို ပို့ဆောင်မယ့် လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ လှိုင်းဘွဲ့-ဘားအံမြို့အ၀င်ဂိတ်မှာ လုံခြုံရေးပူးပေါင်းအဖွဲ့တွေက မော်တော်ယာဉ်တွေကို ရှောင်တခင်စစ်ဆေးစဉ် ဒီဇင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်က လှိုင်းဘွဲ့ကနေ ဘားအံဘက်ကို ယာဉ်မောင်း သန်းနိုင် (ခ) ချစ်ကောင်း မောင်းနှင်လာတဲ့ YGN 2G/——- ပါကျဲရိုးအမျိုးအစား ခဲရောင် မော်တော်ယာဉ်ပေါ်ကနေ အခုလို ဖမ်းဆီးမိတာလို့ ဆိုပါတယ်။

ယာဉ်ပေါ်မှာ ခိုင်မိုးချမ်း(ခ)မောင်သာမြင့် (အေအယ်လ်ပီပါတီမှ မှူးကြီးအဆင့်ရှိ)၊ ခိုင်သိန်းဦး (အေအယ်လ်ပီပါတီမှ စီးပွားရေးတာဝန်ခံ) တို့လည်း လိုက်ပါလာပြီး ယာဉ်ပေါ်မှာ AK-47 (ခေါက်ဒင်) ၁၅ လက်၊ AK-47 (ဒင်ရှည်) ၄ လက်၊ ၎င်းကျည်အိမ် အတို/အရှည် ၁၉ ခု၊ ၎င်းကျည် ၃၀၀ တောင့်၊ ငွေကျပ် သိန်း ၆၀ တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်တွေအရ ခိုင်မိုးချမ်း (ခ)မောင်သာမြင့်ဟာ မြ၀တီ-မဲဆောက်ကို ဒီဇင်ဘာ ၇ ရက်တွင်ရောက်ရှိခဲ့ပြီး ခိုင်သိန်းဦးကို ဒီဇင်ဘာ ၈ ရက်က ရန်ကုန်-မြ၀တီ-လှိုင်းဘွဲ့မှတစ်ဆင့် လော်ခီးလာကို ခေါ်ဆောင်ခဲ့ကြောင်း၊ လော်ခီးလာရှိ ရခိုင်အဖွဲ့ထံမှ အဆိုပါ လက်နက်ခဲယမ်းတွေကို ယူဆောင်ပြီး ရခိုင်ပြည်နယ်ပို့ဖို့ ထွက်ခွာလာစဉ် အခုလို ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေကို ဘားအံမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားရှိပြီး တရားဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

No comments: