Saturday, December 3, 2016

တကောင်း နီကယ်စက်ရုံ စွန့်ပစ်မြေများ စိုက်ခင်းမြေများပေါ် ဖုံးလွှမ်းနေမှုကို တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ဆုဆုရှိ

တကောင်းတောင် နီကယ်စီမံကိန်းမှ စွန့်ပစ်မြေများ ချောင်းရေ၊ မိုးရေဖြင့်မျောပါပြီး မန္တလေးတိုင်းဒေသကြီး၊ သပိတ် ကျင်းမြို့နယ်၊ အင်းနက်ကျေးရွာအုပ်စုအတွင်း ကိုင်းနှင့် ကျွန်းခင်းမြေများပေါ်ဖုံးလွှမ်းခဲ့မှုတို့ကို နိုဝင်ဘာလ ၂၆ရက်နေ့က တာဝန်ရှိသူများ သွားရောက် စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

သတ္ထုတွင်းဝန်ကြီးဋ္ဌာနမှ တာဝန်ရှိသူများ၊ Myanmar CNICO နီကယ်သတ္ထု တူးဖော်ရေးစက်ရုံမှ တာဝန်ရှိသူ များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

နီကယ်စက်ရုံမှ စွန့်ပစ်မြေများကြောင့် ယင်းတောင်ခြေဒေသတစ်ဝိုက်ရှိ ကိုင်းနှင့် ကျွန်းခင်းမြေများအပေါ် ၂၀၁၃ခုနှစ်က စတင်၍ မြေနီဖုံးလွှမ်းမှုများဖြစ်ပေါ်ခဲ့ပြီး ယင်းနှစ်က တောင်သူများ နစ်နာခဲ့မှုအတွက် နီကယ်စက်ရုံမှ တစ်ဧကလျှင် ငါး သိန်းကျပ်နှုံး နစ်နာကြေးပေးလျော်ခဲ့သည်။

၂၀၁၄ခုနှစ်မှ စတင်၍ ၂၀၁၅၊ ၂၀၁၆နှင့် ၂၀၁၇ သီးနှံရာသီချိန်အထိ စွန့်ပစ်မြေဖုံးလွှမ်းမှုများကြောင့် ဒေသခံများက နစ် နာ ကြေးပေးရန်တောင်းဆိုခဲ့ကြသောကြောင့် ယခုကဲ့သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဟု သိရသည်။

၂၀၁၅-၂၀၁၆ စိုက်ပျိုးရာသီထိ စွန့်ပစ်မြေ ဖုံးလွှမ်းမှုမှာ အင်းနက်ကျေးရွာရှိ ဗျိုင်းစုကွင်းတွင် ၂၁၇ဧက၊ တောင်တလုံး ကျေးရွာရှိ ဒေါင့်ကြီးကွင်းတွင် ၂၁၈ဧက၊ မိုင်းဒိုင်းကျေးရွာအုပ်စုရှိ သွေးကျောက်ကွင်းတွင် ၈၄ဧကရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ရာသီအတွက် စွန့်ပစ်မြေဖုံးလွှမ်းမှုကို ဆက်လက်စစ်ဆေး တိုင်းတာသွားမည်ဟု သိရသည်။

နီကယ်စက်ရုံတာဝန်ခံ အရာရှိ ဦးသန်းထွန်းအောင်က ယခုစစ်ဆေးမှုကို တာဝန်ရှိသူအဆင့်ဆင့်သို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဟု ပြောသည်။

No comments: