Saturday, December 3, 2016

မူဆယ်မြို့ရှိ စစ်ဘေးရှောင် ၄ ပုံ ၃ ပုံကျော် နေရပ်ပြန်ပြီ

စိုးသူအောင်

ရှမ်းပြည် မြောက်ပိုင်းတွင် နိုဝင်ဘာ ၂၀ရက်က စတင်ခဲ့သည့် တိုက်ပွဲများ ယခုအချိန်တွင် တည်ငြိမ်နေပြီး ပုံမှန်အခြေအနေဖြစ်လာ၍ မူဆယ်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်ပြည်သူ ၄ပုံ ၃ပုံကျော်မှာ နေရပ်ပြန်သွားပြီဖြစ်ကြောင်း မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံး အချက်အလက်များအရ သိရသည်။

မူဆယ်ခရိုင်ထွေအုပ်ရုံးအချက်အလက်အရ စစ်ဘေးကြောင့် မူဆယ်မြို့ပေါ်နှင့် တရုတ်နိုင်ငံသို့ စစ်ဘေးရှောင် ၃၇၁၀ ဦးရောက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်တွင် မူဆယ်မြို့ပေါ်၌ ၇၆၁ ဦးသာ ရှိတော့ကြောင်း သိရသည်။

ယမန်နေ့ ညနေ ၅နာရီထိ စာရင်းအရ ဒုက္ခသည် ၇၆၁ဦးရှိနေပြီး ကချင်နှစ်ချင်းခရစ်ယာန်ကျောင်းတွင် ၂၃၈ ဦး၊ အောင်မင်္ဂလာကျောင်းတွင် ၂၇၃ ဦး၊ နမ့်ခွန်ကျောင်းတွင် လူနှင့် သီလရှင် ၃၀ ဦး၊ စိန်ပီတာ ဘုရားကျောင်းတွင် ၃၈ယောက်၊ အ.ထ.က (၂) နှင့် အ.မ.က (၄) တွင် ပညာရေးဝန်ထမ်း ၁၈၂ ယောက် နိုဝင်ဘာ ၂၇ ရက်တွင် စုစုပေါင်း ၇၆၁ ဦးရှိနေကြောင်း မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက ပြောသည်။

“ရွှေသမင် ကမ္မဋ္ဌာန်းကျောင်းမှာ ဆိုရင်တော့ တစ်ယောက်မှ မရှိတော့ဘူးပေါ့နော်" ဟု ၎င်းကပြောသည်။

မူဆယ်မြို့တွင် တိုက်ခိုက်မှုများ မရှိသော်လည်း မြို့အနီး ပတ်ဝန်းကျင်တွင် နိုဝင်ဘာ ၂၅ ရက်ထိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့မှ နှင့်တပ်မတော် ထိတွေ့မှုများဖြစ်ပွားနေကြောင်း မူဆယ်မြို့ခံ တစ်ဦးက ပြောသည်။

“နည်းနည်းအခြေနေဆိုးတဲ့ မုံးကိုး ပန်ဆိုင်းဘက် မှာတာဝန်ကျတဲ့ ဆရာ/ ဆရာမနဲ့ မိသားစုတွေ ၁၈၂ ယောက် ထ၂ နှင့် အ.မ.က ၄ မှာနေရာချထားပေးထားတဲ့ သူတွေလောက်ပဲ တော်တော်များများ ကတော့ ပြန်ကုန်ပြီ" ဟု ဦးဇော်မင်းကပြောဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီက မူဆယ်မြို့တွင် စစ်ဘေးရှောင်ပြည်သူ ၃၂၀၀ ဦး ရှိကြောင်း နိုဝင်ဘာ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

No comments: