Saturday, March 28, 2015

ဗိုလ်ရာညွှန့်လမ်း မီးလောင်မှု စင်ကာပူနိုင်ငံသား သေဆုံးခဲ့၍ ကျူးလွန်သူ ရှိ၊ မရှိ စုံစမ်းစစ်ဆေးလျက်ရှိ

ကျော်စိုးမိုး

မတ် ၂၄ ရက်၊ ညနေ ၆ နာရီခွဲ၌ ဖြစ်ပွားခဲ့သည့် ဒဂုံမြို့နယ် ဗိုလ်ရာညွှန့်လမ်းရှိ မီးလောင်မှုတွင် မြန်မာလူမျိုး စင်ကာပူ နိုင်ငံသားတစ်ဦး သေဆုံးခဲ့သည့်အတွက် အမှုကျူးလွန်သူရှိ၊ မရှိ ဒဂုံမြို့မရဲစခန်းက စုံစမ်းမှုများ ဆောင်ရွက်နေသည်ဟု အဆိုပါရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ ဗိုလ်ရာညွန့်လမ်း၊ အမှတ် ၈၃၊ လေးလွှာရှိ တိုက်ခန်း ဂက်စ်အိုး ပေါက်ကွဲပြီး မီးလောင်ရာတွင် အဆိုပါ တိုက်ခန်းတွင် ငှားရမ်းနေထိုင်သူ အသက် ၃၅ နှစ်ခန့်အရွယ်ရှိ စင်ကာပူနိုင်ငံသား ခံယူထားသူ ကိုကျော်ထင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ ထိုတိုက်ခန်းတွင် တစ်ဦးတည်းနေထိုင်သူဖြစ်သည်ဟု အထက်ပါရဲအရာရှိက ဆိုသည်။

ဒဂုံမြို့မ ရဲစခန်းစခန်းမှူး ဒုရဲမှူးသောင်းစိန်က " မီးစတင်လောင်ကျွမ်းအောင် ပြုလုပ်တဲ့သူက သေဆုံးသူ ဖြစ်နိုင်သလို အခြားတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ လက်ရှိအချိန်မှာ အတည်ပြုလို့ မရသေးပါဘူး။ စုံစမ်း စစ်ဆေးနေတုန်းပါပဲ" ဟု ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ မီးပေါ့ဆစွာ သုံးစွဲမှုဖြင့် အရေးယူနိုင်ရန် (ပ) ၆၇/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၂၈၅/၃၀၄-က ဖြင့် အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးလျက်ရှိသည်။

No comments: