Saturday, March 28, 2015

တော်လှန်ရေးနေ့ လှုပ်ရှားမှုအပြီး ဗကသကျောင်းသားများ ထပ်မံဖမ်းဆီးခံရ

DVB

ဖမ်းဆီးတရားစွဲခံ ကျောင်းသားများပြန်လွှတ်ရေးနဲ့ အကြမ်းဖက်ဖြိုခွင်းသူတွေကို ဖော်ထုတ်အရေးယူဖို့ တော်လှန်ရေးနေ့ ဆန္ဒပြလှုပ်ရှားမှုတွေအပြီး ရန်ကုန်နဲ့ မြင်းခြံမှာ အနည်းဆုံး ၇ ဦး ဖမ်းဆီးခဲ့ရပါတယ်။

ရန်ကုန်မှာ ဖမ်းဆီးခံရသူတွေကတော့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ ဗကသ (ဗဟို) က ကိုနန္ဒာစစ်အောင်၊ ကိုရှိန်းရာဇာထွန်း၊ ကိုအောင်လေး (ခ) အောင်ထက်အောင်တို့ ၃ ဦး ထိန်းသိမ်းဖမ်းဆီးခံရတယ်လို့ ကျောင်းသား သပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။

ကိုနန္ဒစစ်အောင် ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌကိုဂျိမ်းစ်က “မြို့ထဲမှာ ဆန္ဒပြပွဲတွေပြီးတဲ့ အခါမှာ သက်ဆိုင်ရာ လုံခြုံတဲ့နေရာတွေ ပြန်သွားတဲ့အခါမှာ လမ်းမှာ လိုက်ဖမ်းတာ။ နောက်ဆုံးသိရသလောက် သိမ်ဖြူ မင်္ဂလာတောင်ညွန့် မဆလာစက်မှတ်တိုင်နား အဲဒီနားဝန်းကျင် လမ်းပေါ်မှာပဲ ဖမ်းဆီးခံရတယ်ကြားတယ်၊ အရပ်ဝတ်တွေနဲ့” လို့ ပြောပါတယ်။

အလားတူ မြင်းခြံမှာ လည်း ကျောင်းသား ၂ ဦးနဲ့ ဝန်းရံသူ ၂ ဦး ဖမ်းဆီခံခဲ့ပါတယ်။ မြင်းခြံဒီဂရီကောလိပ် သချာင်္ဒုတိယနှစ် ကျောင်းသား ကိုဉာဏ်မြင့်သန်း၊ ကိုစည်သူမြတ်နဲ့ သပိတ်ဝန်းရံသူ ဦးစိန်းဝင်း၊ မဖြူ (ခ) မခင်သန္တာအောင်တို့ ၄ ဦးဖမ်းဆီးခံခဲ့ရပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲခံနေ ရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့ ဖက်ဆစ် တော်လှန်ရေးနေ့မှာ ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ မြောင်းမြ၊ ဟင်္သာတ၊ ထားဝယ် စတဲ့ နိုင်ငံတ၀န်း မြို့တွေမှာ ကျောင်းသားတွေက ဆန္ဒပြခဲ့ကြတာပါ။

No comments: