Thursday, May 21, 2009

ပူးပေါင်းလက်တွဲစေလို

ဒေါ်ခင်စောဋ္ဌေး (ဒုဥက္ကဋ္ဌ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရေနံချောင်း)
ကြာသပတေးနေ့၊ မေလ 21 2009 20:00 - မြန်မာစံတော်ချိန်

တရားဥပဒေက ရုပ်ပြပါပဲ။ သံတမန်တွေ လာရတယ်လို့ ပြောတော့လည်း စကားပြန်မှ မပါဘဲနဲ့ သံတမန်တွေက အရုပ်ကြည့်နေရတဲ့ သဘော ရှိမှာပေါ့။ အဲဒီလို ဟန်ပြလုပ်တာတွေ စာနယ်ဇင်း လွတ်လပ်ခွင့် ဘယ်လောက် ရှိမလဲ။ ကင်မရာတောင် မပါရဘူးဆိုတော့ ဒါတွေဟာ ဟန်ပြလုပ်နေတာတွေ ဖြစ်တယ်။

ဒါတွေက သိတာပါတယ်နော်။ သူတို့ ထိန်းသိမ်းထားတဲ့ အမျိုးသမီးတယောက်ကို ဘာဖြစ်လို့ ထပ်လုပ်လဲဆိုတော့ အရင်တခါလည်း ပြောဖူးတယ်။ ဒေါ်စုကို ကြောက်လို့ပေါ့။ ဒီလောက် မိန်းမတယောက်ကို ဘာဖြစ်လို့ ကြောက်ရသလဲဆိုတော့ ဒေါ်စုဟာ လူထုခေါင်းဆောင် ဖြစ်တာကိုး။ လူထုက လေးစားရတယ်။

အစိုးရဆိုတာ လူထုက လေးစားတဲ့ အစိုးရ၊ ချစ်ခင်တဲ့ အစိုးရဖြစ်မှ၊ လူထုကြည်ညိုမှ အစိုးရကောင်း ဖြစ်တာ။ ဒေါ်အောင်ဆန်းစုကြည်က လူထုက အင်မတန် ကြည်ညိုတာ။ ဒါကို ဒီလိုလုပ်လိုက်တယ်ဆိုတော့ သူတို့ရဲ့ ခြေလမ်းက တော်တော်ကို မှားသွားတာပါ။ ဖိနှိပ်တယ်ဆိုတဲ့ နေရာမှာ အရင်တခါ ပြောဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဘာဖြစ်လို့ ဖိနှိပ်နေရတာလဲ။ တကယ်တမ်း စဉ်းစာကြည့်ရင် စိတ်ထားကောင်းတဲ့ လူတွေအနေနဲ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွဲပြီးတော့ လုပ်လိုက်ရင် တိုင်းပြည်လည်း သာယာမှာပဲ။ ဘာဖြစ်လို့ ဒေါ်စုနဲ့ တွဲလုပ်ရမလဲဆိုတော့ ဒေါ်စုကို အားလုံး သိကြတဲ့ အတိုင်းပါပဲ၊ တိုင်းရင်းသား လူမျိုးအားလုံးက အားထားတယ်။ အန်တီတို့နိုင်ငံ ငြိမ်းချမ်းရေးမရတာ နှစ် ၆ဝ ရှိပြီ။ ဒီ အနှစ် ၆ဝ အတွင်းမှာ လွတ်လပ်ရေးပြီးတော့ ငြိမ်းချမ်းရေး မရဘူးလေ။ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်စုနဲ့ သူတို့ လက်မတွဲနိုင်တာ သူတို့ ငြိမ်းရေး မလိုချင်လို့ပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကို ဘာဖြစ်လို့ မကြိုက်တုန်းဆိုတော့ အဲဒီမှာ အဖြေက ပေါ်နေတယ်။

ဗိုလ်ချုပ်ကြီးနေဝင်း လက်ထပ်တုန်းက စစ်တပ်ကနေ သူပုန်တွေကို တိုက်တော့ သူပုန်တွေက နည်းနည်းလေးပဲ ကျန်တော့တယ်။ သိမ်းလိုက်ရပြီဆိုတော့ မသိမ်းရဘူး၊ စစ်တပ်တွေ ပြန်လာခဲ့ဆိုပြီး ဗိုလ်ချုပ်နေဝင်းက ပြန်ခေါ်တာ။ ဘာဖြစ်လို့ ပြန်ခေါ်သလဲဆိုတော့ သူပုန်ရှိမှ စစ်တပ်က အလုပ်ရှိတာ။ ဒါကြောင့်မို့ သူပုန်ကို သေသေချာချာ မွေးဖွားထားတာ။ ဒီလိုပုံဏ္ဍာန်မျိုး ဖြစ်နေတယ်။

သူတို့က ငြိမ်းချမ်းရေးကို မလိုချင်တဲ့သူတွေ၊ သူတို့က အထက်က နေချင်တာ၊ စည်းစည်းလုံးလုံးနဲ့ တိုင်းရင်းသားတွေက ဖက်ဒရယ်ကို တောင်းနေတာ၊ နိုင်ငံတကာ ဒီမိုကရေနိုင်ငံတွေမှာ ဆိုလို့ရှိရင် ဗဟိုကနေပြီး၊ မြန်မာနိုင်ငံမှာဆိုရင် ပြည်မကနေပြီး အရေးကြီးတဲ့ ပြည်ထဲရေးတို့၊ ဘဏ္ဍရေးတို့ကို ကိုင်ရမှာပေါ့။ ပြည်နယ်လေးတွေကလည်း သူတို့ပြည်နယ် လွတ်လပ်ခွင့်၊ အုပ်ချုပ်ခွင့်တွေ လိုချင်ကြမှာပေါ့။ အခုဆိုရင် ဝပြည်နယ် အစိုးရအဖြစ် သတ်မှတ်နေပြီလေ။ ပြည်တွင်း ငြိမ်းချမ်းရေးကို လိုကိုမလိုချင်ဘူး။ အဓိကဖြစ်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိမှာကို မကြိုက်ဘူး။ သူတို့ အာဏာနဲ့ပဲ အုပ်ချုပ်ချင်တာ၊ သူတို့က အထက်ကပဲနေချင်ကြတာ တကယ်တန်းကတော့ တိုင်းပြည်ကို တိုးတက်စေချင်တဲ့ စိတ်ကို မရှိဘူး။

ပြည်သူလူထုအတွက် လုံးဝ စိတ်မရှိလို့ ဒီလိုပဲ ဖမ်းတာပဲ။ ပြည်သူလူထုအတွက် စေတနာရှိရင် ဗမာတင် မဟုတ်ဘူး၊ တိုင်းရင်းသားအားလုံး ကောင်းဖို့အတွက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲရမှာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ဆိုရင် ငြိမ်းချမ်းရေးရမှာပဲဆိုပြီး အားလုံးက စောင့်ဆိုင်းနေတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးနဲ့ အခုချိန်မှာ လက်တွဲရမှာ၊ လက်တွဲရမယ့် အချိန်လေးမှာ လက်မတွဲဘဲနဲ့ လုပ်လိုက်တာ အင်မတန် မှားပါတယ်။ ဒါကြောင့်မို့ တိုင်းပြည်လည်း နစ်နာတယ်။ အစိုးရလည်း နစ်နာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုလုပ်လိုက်တာ၊ ဒေါ်အောင်ဆန်းစုကြည်က ပိုပြီးတော့ ထင်ပေါ်လာတယ်။

ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတယောက်ကို ဒီလောက်တောင်မှာပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးတွေ၊ ရဲတွေ၊ စွမ်းအားရှင်တွေ အပြင်မှာလည်း စောင့်ရတယ်ဆိုတာ လူထုက လာပြီးတော့ ဒေါ်စုကို ထောက်ခံလို့ လာကြတာ၊ ငါတို့ကို ဖမ်းချင် ဖမ်းပလေ့စေ၊ ငါတို့ခေါင်းဆောင်ကို လွတ်အောင် အားပေးမယ်။ အဓိက လူထုအားနဲ့ အောင်မြင်မှု ရကြတာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ချစ်မှန်းသိလို သူတို့က ဖိနှိပ်တာ။ ဒီလို ဖိနှိပ်လေ၊ လုပ်ရင်တော့ သူတို့ မှားမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုချစ်သလို လူထုကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တယ်။ အစိုးရကိုလည်း လူထုချစ်အောင်လုပ်ပါ။ ဒါမှာ မဟုတ်ရင် လူထုချစ်တဲ့ လူနဲ့ လက်တွဲလုပ်လိုက်ရင် မသာယာဘူးလား။ ဒါကို အတွေးအခေါ်တွေ မှားနေတာ။

အနတ္တ မသိဘူး။ လူ့ဘဝဆိုတာ ကြာကြာမနေရပါဘူး။ နာမည်တလုံး အဆုံးခံချင်ကြတာကိုး။ ဒေါ်အောင်ဆန်းစုကြည်က အဖမ်းခံနေရပေမယ့် မြန်မာနိုင်ငံ ခေါင်းဆောင်တယောက် မဟုတ်တော့ဘူးလေ။ အခုဆိုရင် နိုဘယ်ဆုရှင်ပီပီ ကမ္ဘာကနေ သူ့ကို လွတ်မြောက်ဖို့အတွက်ကို ကမ္ဘာကနေ စိတ်ဝင်စားနေကြတာ။ အခုနေ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖမ်းထားတယ်ဆိုရင် ဘယ်ကမ္ဘာ့က တောင်းမှာလဲ။ ဘယ်သူမှ မတောင်းဘူး။ အဲဒီလို ကွာတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့နဲ့ ကွာတယ်။ ဒေါ်စုနဲ့ တွဲလုပ်ချင်လုပ်၊ မလုပ်ရင်လည်း ဒေါ်စုလို လူထုချစ်အောင် လုပ်ပေါ့။ NLD ကို မျိုးဖြုတ်ချင်ရင်၊ NLD ကို မရှင်သန်စေချင်ရင်၊ NLD ကို ဒီလို ဖိအားတွေ ပေးစရာ မလိုဘူး။ ခေါင်းဆောင်လည်း ဖမ်းစရာ မလိုဘူး။ ငယ်သားတွေလည်း ဖမ်းပြီးတော့ နှစ်ရှည်ထောင်ဒဏ် ပေးစရာ မလိုဘူး။ သူတို့က ပြည်သူလုထုစားဝတ်နေရေး ပြေလည်အောင် လုပ်ရမယ်။ ပြည်သူလူထုက စားဝတ်နေရေး ပြေလည်ပြီး သူတို့ ဘဝ သာယာနေမယ်ဆိုရင် NLD လည်း လှည့်မကြည့်ဘူး။ ၈၈ လည်း လှည့်မကြည့်ဘူး။

အခု ၂ဝ၁ဝ ရွေးကောက်ပွဲမှာ သူတို့ မဖြစ်မနေ လုပ်ဦးမှာ။ ဒီမိုကရေစီ ရမှာ မဟုတ်သေးဘူး။ ရွေးကောက်ပွဲ လုပ်ပြီးတော့လည်း ဒီမိုကရေစီရမှာ မဟုတ်ဘူး။ လူထုက လမ်းပေါ် မထွက်ရဲ၊ ထွက်ရင် ဖမ်းဟယ် သတ်ဟယ်။ ဒါကြောင့်မို့ လမ်းပေါ်ပေမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲ ကာလကျရင် လမ်းပေါ် မထွက်ဘဲနဲ့ အိမ်ထဲကနေ လုံးဝ မထွက်ဘဲနဲ့ မဲရုံမသွားကြပါနဲ့လို့ ပြောချင်တယ်။ လမ်းပေါ် မထွက်ဘဲနဲ့၊ အိမ်ထဲကနေ လုံးဝ မထွက်ပဲနဲ့၊ အိမ်ထဲမှာပဲ ဆန္ဒပြလိုက်ကြပါ။ ဘယ်သူမှာ ဖမ်းမထည့်ရဲပါဘူး။ ဆွဲထည့်တော့လည်း ကမ္ဘာက သိနေပါတယ်။ ဒီအခြေခံဥပဒေနဲ့ သွားရင် NLD တို့၊ ၈၈ တို့က ဆက်ပြီး ရှင်သန်နေမှာပါပဲ။ နာမည်သာပြောင်းသွားမယ် ဆက်ပြီး ရှင်သန်နေမှာပါပဲ။ ဒီအခြေခံဥပဒေအတိုင်း သွားရင် မရဘူး။ အအုပ်ချုပ်ခံ လူတန်းစားအတွက် လုပ်တဲ့ ဥပဒေမှ မဟုတ်တာ။ အုပ်ချုပ်သူ လူတန်းစားအတွက် လုပ်တဲ့ ဥပဒေဖြစ်တဲ့ အတွက်ကြောင့် လူတွေက လမ်းပေါ် ထွက်စရာ မလိုပါဘူး။ အဲဒီဟာကို ကြောက်ပြီးတော့ မဲရုံ မသွားပါနဲ့။ ကိုယ့်အိမ်ထဲမှာ နေကြစမ်းပါ၊ သတ္တိရှိကြစမ်းပါလို့ ပြောချင်တယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ကြတဲ့ ပြည်သူတွေကို အထူး လေးစားဂုဏ်ယူပါတယ်။ အန်တီတို့လို နယ်က လူတွေက လာချင်ပေမယ့် မလာနိုင်တာလည်း ရှိပါတယ်။ ခဏခဏလည်း မလာနိုင်ဘူး။ ဒေသခံတွေက သူတို့ရဲ့ စားဝတ်နေရေးကို ပစ်ပယ်ပြီးတော့ နေ့စဉ်နဲ့အမျှ ထောင်ရှေ့မှာ ထိုင်တဲ့သူတွေ၊ ရုံးချုပ်မှာ သွားလာနေကြတဲ့ လူငယ်လူကြီးတွေက ပိုက်ဆံတပြားမှ မရဘဲနဲ့၊ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လုပ်ကြတဲ့ သူတွေက ထောင်ဗူးဝရှေ့မှာ ဒေါ်အောင်ဆန်စုကြည်ကို အားပေးနေတဲ့ သူတွေကို ချီးကျူးတယ်၊ အားလည်း အားကျတယ်။ ငါတို့ကို ဖမ်းချင်ဖမ်း၊ ငါတို့ ခေါင်းဆောင် လွတ်ရင် ပြီးရောဆိုတဲ့ စိတ်ဓာတ်တွေနဲ့ အင်မတန် ကျေနပ်စရာ ကောင်းတယ်။ ဒါ ဒီမိုကရေစီ ဖော်ဆောင်နေတာ၊ ဒီမိုကရေစီရဲ့ အနှစ်သာရတွေပဲ၊ ဒီမိုကရေစီရဲ့ အလင်းရောင် ဖြစ်နေတာ။ ဒီလောက်ဖိနှိပ်နေတဲ့ အာဏာရှင်လက်ထဲမှာ ဒီလို တွန်းအားတွေ အားပေးနေတယ်ဆိုရင် အောင်မြင်မှုကို ရမှာ။ ဒီမိုကရေစီနိုင်ငံတွေမှာ အားကနေပြီး အောင်မြင်မှုတွေ ရကြတာ ဖြစ်တယ်။ အန်တီကတော့ အမြဲတမ်း အကောင်းမြင်တယ်။ ဒေါ်စုကြောင့်မို့ လူတိုင်းလူတိုင်းက ဒီမိုကရေစီ သဘောတရားကို နားလည်လာကြတယ်။


No comments: