Friday, May 22, 2009

တယ်လီဖုန်းကြိုတင်ငွေကောက်အစိုးရ၀င်ငွေ ပိုရှာခြင်းသာဖြစ်

NEJ / ၂၂ မေ ၂၀၀၉

ပြီးခဲ့သည့်မတ်လ တယ်လီဖုန်းဆက်ခငွေ ကောက်ခံချိန်မှစပြီး မိုဘိုင်းဖုန်းအသုံးပြုသူများထံမှ (၃) လစာကြိုတင်ငွေ ကောက်ခံ လျက်ရှိ သည်။

ယခုနှစ် မတ်လအတွက် တယ်လီဖုန်းဆက်ခငွေ ကောက်ခံချိန်ကစပြီး မိုဘိုင်းဖုန်း အသုံးပြုသူများထံမှ (၃) လစာ ကြိုတင်ငွေ ကောက်ခံလျက်ရှိပြီး ယခုကဲ့သို့ ကောက်ခံမှုသည် အစိုးရအနေဖြင့် ၀င်ငွေပိုရအောင် ရှာဖွေခြင်းသာ ဖြစ်ကြောင်း ရန်ကုန်တိုင်း အခွန်ဦးစီးဌာနမှ အမည်မဖော်လိုသူ ဦးစီးအရာရှိတဦးက ပြောသည်။

၎င်းက “အစိုးရအနေနဲ့ အခွန်အရပ်ရပ် ကောက်ခံရငွေဟာ အသုံးစရိတ်ကို မကာမိတော့ အခြားသော နေရာတွေ ကနေ ၀င်ငွေရအောင် နှစ်စဉ် ခေါင်းစဉ် အမျိုးမျိုးတပ်ပြီး ရှာရတယ်။ ခု မိုဘိုင်းဖုန်း ကိုင်သူတွေဆီကနေ (၃) လစာနဲ့ ညီမျှတဲ့ ငွေကို ကြိုတင်ငွေအဖြစ် ကောက်ခံနေတာဟာလည်း ဒီသဘောပဲ ဖြစ်တယ်” ဟု ပြောသည်။

စစ်အစိုးရက ထုတ်ပေးထားသည့် မိုဘိုင်းဖုန်း ဆင်းကတ်တန်ဖိုးမှာ လက်ရှိ ကျပ် (၁၅) သိန်းဖြစ်ပြီး ပြင်ပ ပေါက်ဈေးမှာ ဈေးနှုန်းပိုမြင့်ကြောင်း၊ တယ်လီဖုန်းဆက်ခ မှန်မှန် မပေး၍ အစိုးရက ဖုန်းကို ပြန်လည် သိမ်းယူလိုက် သည့် အဖြစ်မျိုး၊ ဖုန်းပိုင်ရှင်များကလည်း ဖုန်းကို အဆုံးခံလိုက်ခြင်းမျိုး လုံးဝ မရှိခဲ့ကြောင်း၊ အစိုးရကို ပေးထားပြီးဖြစ်သည့် ကျပ်ငွေ (၁၅) သိန်းသည် ကြိုတင်ပေးထားသည့် အာမခံငွေ သဘောဖြစ်နေခြင်းကြောင့် နောက်ထပ် ကြိုတင်ငွေ ကောက်ရန် မလိုအပ်ကြောင်း၊ ယခု ကောက်ယူမှုသည် အစိုးရ၀င်ငွေအတွက် ကောက်ခြင်း သက်သက် ဖြစ်ကြောင်း အဆိုပါဦးစီးအရာရှိက ရှင်းပြသည်။

ကိုယ်တိုင် ကျပ်ငွေ (၆) သောင်း ပေးသွင်းခဲ့ရသူ ဖုန်းပိုင်ရှင်တဦးကလည်း ၎င်းအနေဖြင့် တလဆက်ခ ကျပ် (၁) သောင်းခွဲကျော် ကျသင့်သော်လည်း တလ ပျမ်းမျှ ကျပ် (၂) သောင်းနှုန်းဖြင့် (၃) လစာ ကြိုတင်ငွေ ကျပ် (၆) သောင်း တောင်းခံ၍ ပေးလိုက်ရပြီး အခြား ရွေးချယ်စရာ လမ်းမရှိကြောင်း။ ကြိုတင်ငွေ မသွင်းပါက တယ်လီဖုန်း ဆက်သွယ်မှုကို ဖြတ်တောက်ပစ်မည်ဖြစ်၍ ဆင်းကတ် တန်ဖိုး ကျပ် (၁၅) သိန်းကနေ (၁၇) သိန်းခန့် အထိ ဆုံးရှုံးမည်ဖြစ်၍ လူတိုင်း မဖြစ်မနေ သွားသွင်းကြရကြောင်း ပြောသည်။

နအဖစစ်အစိုးရ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနဟာ နဂိုက ဆန္ဒရှိသူများကိုသာ တယ်လီဖုန်းဆက်ခ ကြိုတင် ပေးသွင်းခွင့်ပြုခဲ့ပြီး နောက်ပိုင်းထုတ်ပေးသည့် တယ်လီဖုန်းဆင်းကတ်များနှင့် ပတ်သက်၍ စထုတ်ပေးစဉ်ကတည်းက ကြိုတင် ဆက်သွယ်ခ ကျပ် (၅) သောင်းပေါင်းပြီး (၁၅) သိန်း (၅) သောင်း ရယူနေခြင်း ဖြစ်သည်။

ယခုအခါ မိုဘိုင်းဖုန်း သုံးစွဲသူတိုင်း (၃) လစာ ကြိုတင်ငွေ မဖြစ်မနေ ပေးသွင်းရမည်ဖြစ်ပြီး အခက်အခဲရှိပါက သက်ဆိုင်ရာ အာဏာပိုင်များထံ လျှောက်လွှာတင်ရမည်ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် နေထိုင်သူတဦးက “ကျနော့်သမီးနှစ်ယောက်က ရန်ကုန်မှာ၊ သားတယောက်က မန္တလေးမှာ ပညာသင်နေတာ စိတ်မချလို့ ဂျီအက်စ်အမ်ဖုန်းတွေ ၀ယ်ထားပေးတယ်။ အိမ်မှာလည်း သူတို့နဲ့ ဆက်သွယ်ဖို့ ၀ယ်ထားရတယ်။ အခု အားလုံးအတွက် (၃) လစာ ကြိုတင်ငွေသွင်းရမယ်ဆိုတော့ စုစုပေါင်း (၂) သိန်း (၃) သိန်းလောက်ကျမယ်။ ခုနေခါ စီးပွားရေးကျပ်တည်းလို့ ငွေ မတတ်နိုင်ပေမယ့် မသွင်းရင်လည်း ဖုန်းကို ပိတ်ပစ်မှာကြောင့် ချေးငှားကြံဖန်ပြီး သွင်းရမှာပဲ” ဟု ပြောသည်။

လက်ရှိ ကြိုတင်ငွေ (၃) လစာ ကောက်ခံမည့် မိုဘိုင်းဖုန်း အလုံးပေါင်း (၃) သိန်းခန့် ရှိခြင်းကြောင့် နအဖ စစ်အစိုးရသည် ၀င်ငွေ ကျပ်ငွေ (၁၅) ဘီလီယံခန့် ရရှိနိုင်သည်ဟု အဆိုပါ အခွန်ဦးစီးမှူးက တွက်ချက်ပြသည်။

No comments: