Sunday, May 31, 2009

ပြဿနာပေါင်းစုံ၏ထွက်ပေါက်

နိုင်ဟံသာ

ကျွန်ုပ်တို့ ပြည်ထောင်စု မြန်မာ နိုင်ငံ တွင် လက်တွေ့အားဖြင့် တည်ရှိ နေသော အာဏာရ စစ်တပ် အုပ်စု၊ စီမိုကရေစီ ရရှိရေး အတွက် ဦးစားပေး ဖွဲ့စည်း ထားသော နိုင်ငံရေး အဖွဲ့အစည်း များအုပ်ချုပ်စုနှင့် ဗမာ မဟုတ်သော တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်း များ အုပ်စု၊ ဤအုပ်စုသုံးစုတို့၏ ကိုယ်စား လှယ်များ နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေး ခြင်းဖြင့်သာ ယနေ့ ပြဿနာ ပေါင်းစုံကို ပြေလည် အောင် ကိုင်တွယ် ဖြေရှင်း နိုင်လိမ့် မည်ဖြစ်သည်။

ဤဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးအပါအဝင် ကမ္ဘာ့နိုင်ငံများ၊ မြန်မာပြည်အရေးကို နားလည်သော နိုင်ငံတကာရှိ နိုင်ငံရေးပညာရှင်ကြီးများ၊ မြန်မာပြည်ရှိ ဝါရင့်နိုင်ငံရေးခေါင်းဆောင်းများ၊ နိုင်ငံရေးပါတီ များနှင့် တိုင်းရင်းသားပါတီအဖွဲ့အစည်း အသီးသီးတို့က တောင်းဆိုနေကြသည်။ ဤသို့တောင်းဆိုနေကြရခြင်းသည် ဤနည်းဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်းခြင်းဖြင့် ပြဿနာကြီးများကို အရင်းအမြစ်ကနေ ဖြေရှင်းနိုင်မည်ဟု ယုံကြည်နေ ကြသောကြောင့်ဖြစ်သည်။

အဘယ်ကြောင့် ထိုသို့တူညီစွာ ရှုမြင်နေကြသနည်း။ ခိုင်လုံသော အကြောင်းရင်းခံများ ရှိနေပါသည်။ သို့သော် အချို့ သောသူတို့က ဤအမြင်ကိုငြင်းပယ်နေကြသည်။ ၎င်းတို့သည် စစ်တပ်က လက်ရှိအာဏာကို ချုပ်ကိုင်ထားသူများဖြစ် ပြီး၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အနိုင်ရထားသည်။ ထို့ကြောင့် ဤနှစ်ဖွဲ့ ဆွေးနွေးဖြေရှင်းလျှင် ပြည့်စုံလုံလောက်သည်ဟု ဆိုကြသည်။ ဤ အယူအဆကို ဆုပ်ကိုင်ထားကြသူများမှာ စင်စစ် အားဖြင့် တိုင်းရင်းသားလူမျိုးစုအပေါ် ဗမာလူမျိုးတို့ တလျှောက်လုံး လွှမ်းမိုး ချယ်လှယ်ခွင့် ရလာနေသည်ကို လက် မလွတ်လိုသော အရင်းခံဆန္ဒကြောင့် ဖြစ်သည်။

၎င်းဆန္ဒကို ရိုးသားပွင့်လင်းစွာ မဖော်ထုတ်ဝံ့ကြပေ။ အဘယ်ကြောင့်ဆိုသော် မတရားမှန်းသိနေကြပြီး ကိုယ်ကျိုးဆန္ဒ
ကိုလည်း ဖြည့်ဆည်းလိုနေခြင်းကြောင့် အခြားသော စကားလုံးများဖြင့် ငြင်းပယ်နေကြခြင်း ဖြစ်သည်။ အကယ်၍ ရွေးကောက်ပွဲအနိုင်ရ အမတ်ဦးရေအပေါ် အခြေခံတွက်ချက်လျှင်လည်း တိုင်းရင်းသားအဖွဲ့အစည်းများဖြင့် စုပေါင်း ထားသော် “ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်” (UNLD) နှင့် မဟာမိတ်တိုင်းရင်းသား အဖွဲ့တို့
က ဒုတိယအမတ်ဦးရေ အများဆုံး အနိုင်ရထားသည်။ ထို့ကြောင့်ငြင်းပယ်ချန်ထားခြင်းဖြင့်တရားမျှတမည်မဟုတ်ပေ။

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းခြင်းသည် ဖြစ်ရှိနေသော နိုင်ငံရေးပြဿနာများကို ပြေလည်စေလို၍ ဖြစ်သည်။ နိုင်ငံရေးပြဿနာအပိုင်းမှ ချဉ်းကပ်ကြည့်လျှင် ပြည်တွင်းစစ် အနှစ်ငါးဆယ်ကျော်ကို ပြန်လည်သုံးသပ်ရန် လိုလိမ့်မည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသောနှစ်တွင်ပင် ပြည်တွင်းစစ်စခဲ့သည်။ ထိုစဉ်ကတည်းက အစိုးရကို လက်နက်ကိုင် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သော တိုင်းရင်းသားအဖွဲ့အစည်းများသည် ဒီမိုကရေစီရေး၊ အတန်းအစား အရေးအပေါ် အခြေခံ သည့် အဖွဲ့အစည်းတို့ထက် အရေအတွက်များခဲ့သည်။ ၁၉၄၈ ခုနှစ်မှ ယနေ့အထိ (၅၃) နှစ်ကျော် လူမျိုးစုအဖွဲ့အစည်း များနှင့် ဖြစ်ပွားနေသော တိုက်ပွဲမှ သေနတ်သံများကို တစ်ပတ်၊ တစ်လ မခြား ကြားနေရသည်။ ယခုအချိန်တွင် တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်း တော်တော်များများနှင့် အပစ်အခတ်ရပ်စဲထားသော်လည်း တိုင်းရင်းသားနယ်မြေ အတော်များများတွင် သေနတ်သံများကြားနေရဆဲ ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးသက်သက်သည် ဖြစ်ရှိနေသော ပြဿနာများကို ပြေလည်စေနိုင်မည်မဟုတ်ကြောင်း အများသိပြီးလည်း ဖြစ်ပါသည်။

၁၉၅၈ ခုနှစ်တုန်းက ဝန်းကြီးချုပ် ဦးနုခေါင်းဆောင်သော ပထစ အစိုးရသည် မွန်၊ ရခိုင်၊ ပအိုဝ့်လူမျိုးစုအဖွဲ့များနှင့် သဘောတူညီမှုရပြီး ၎င်းအဖွဲ့များလက်နက်စွန့်ခဲ့ကြသော်လည်း မကြာသေးမီ အချိန်ကလေးမှာပင် ၎င်းတို့၏ တော်လှန် သောသေနတ်သံများ ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးစုများနှင့် အာဏာရအစိုးရ အဆက်ဆက်အကြား ပြဿနာသည် သေးမွှားသော ပြဿနာမဟုတ်ပေ။

အချို့သောသူတို့သည် လူမျိုးရေးပြဿနာကို အလေးအနက်မထားကြ။ လူမျိုးရေးပြဿနာသည် လူတန်းစားပြဿနာ
၏ လက်အောက်ခံဖြစ်သည်ဟု ဆိုသည်။ လူအချို့တို့ကလည်း လူမျိုးရေးပြဿနာသည် ဒီမိုကရေစီရေး ပြဿနာ၏ လက်အောက်ခံ ဖြစ်သည်ဟု ဆိုကြပြန်သည်။ ထိုသူတို့က လူတန်းစားပြဿနာ ဒီမိုကရေစီရေးပြဿနာတို့ကို ပြေလည် အောင်ဖြေရှင်းနိုင်ပါက လူမျိုးရေးပြဿနာသည် အလိုလိုပြေလည်သွားမည်ဟု ထင်မြင်ပြောဆိုနေကြသည်။ ၎င်းတို့ သည် လူမျိုးရေးပြဿနာ၏ အတိမ်အနက်ကို တကယ်မမြင်၍လား သို့တည်းမဟုတ် အရေးမပေးလို၍လား ဆိုသည်ကို ၎င်းတို့ကိုယ်တိုင်သာ သိကြပေလိမ့်မည်။

ကျွန်ုပ်၏အမြင်ကား ၎င်းတို့နှင့် လုံးဝခြားနားပါသည်။ လူမျိုးရေးဆိုင်ရာ ပြဿနာသည် လေးနက်သည်၊ ခိုင်မြဲသည်။ မည်သည့်ပြဿနာ၏ လက်အောက်ခံမဟုတ်ပေ။ တသီးတခြားမားမားမတ်မတ် ရပ်တည်နေသည်။ ဘာသာရေး ပြဿနာသည် ကမ္ဘာတခွင်ရှိ ဘာသာတူများ၏ စာနာထောက်ခံမှုကို ရရှိနိုင်သဖြင့် အရှိန်သြဇာကောင်းတတ်သည်။ အိမ်နီးချင်းနိုင်ငံတစ်ချို့တွင် ရောက်ရှိနေသော လူမျိုးတူများ၏ စာနာမှုကို ရရှိနိုင်သော်လည်း ဘာသာရေး၊ လူတန်းစား ရေးတို့နှင့်စာလျှင် ပြင်ပစာနာထောက်ပံ့မှုနည်းပေသည်။ ကိုယ်အားကိုယ်ကိုး ဖြေရှင်းကြရသော ပြဿနာမျိုးဟု ဆိုနိုင်သည်။

လူမျိုးဟူသည်ကား နှစ်ပေါင်း ရာ၊ ထောင်ချီပြီး နီကပ်စွာ အတူနေထိုင် ပေါက်ဖွားလာသော ဘဝတူကံကြမ္မာတူ လူအဖွဲ့အစည်းဖြစ်သည်။ သမိုင်းမတင်မီ အချိန်မှသည် ယနေ့အထိ ဖြစ်ပေါ်ခဲ့သော လူအဖွဲ့အစည်းအချင်းချင်းအကြား ပဋိပက္ခများတွင် အခြားအကြောင်းအချက်များ ပါဝင်နေသော်လည်း လူမျိုးရေးအခြေခံမှ ကင်းလွတ်ခြင်းနည်းပါး ပါသည်။ နယ်မြေလုယက်မှု၊ ဈေးကွက်လုယက်မှု တို့သည် လူမျိုးရေးအပေါ် အခြေခံမှု တစ်ဝက်ကျော် ပါဝင်သည်။ ခေတ်ဟောင်းကိုလိုနီ နယ်ချဲ့စစ်ပွဲများတွင် လူမျိုးရေးအပေါ် အခြေခံမှုများစွာ ပါဝင်နေသကဲ့သို့ ငွေအရင်းအနှီးအပေါ် အခြေခံသော ခေတ်သစ်နယ်ချဲ့စနစ်တွင်လည်း လူမျိုးရေးအပေါ် အခြေခံမှု ပါရှိသည်။ ကမ္ဘာ့ပေါ်ရှိလူ့အဖွဲ့အစည်းများကို အထင်ရှားဆုံး စည်းခြားထားရာ နိုင်ငံများသည် မတူကွဲပြားသော လူမျိုးများဖြင့် ဖွဲ့စည်းထားကြသည်။ လူမျိုးတူ နိုင်ငံ ကွဲဟူ၍ အလွန်နည်းပါးပါသည်။ ဘာသာရေးအရ မည်သို့ပင်တူညီစေကာမူ လူမျိုးမတူက နိုင်ငံတစ်ခုအဖြစ် မပူးပေါင်း ကြ။ အတန်းအစားတူများ အကြားတွင်လည်း ထို့အတူပင်ဖြစ်သည်။ ထို့ကြောင့် လူမျိုးရေးအစွဲသည် ဘာသာရေး အတန်းအစားရေးထက် လေးနက်သည်ဟု ဆိုရပါမည်။

ယနေ့ကမ္ဘာတွင် လူမျိုးရေးပဋိပက္ခသည် အားလျော့သွားခြင်းမရှိ၊ ပို၍ပင် ရှေ့တန်းရောက်လာနေသည် (Globalization) ဂလိုဘယ်လိုင်ဇေးရှင်း ခေါ် ကမ္ဘာလွှမ်းပတ်ယှက်နွယ်မှု ခေတ်ကာလတွင် အဓိကအားဖြင့် စီးပွားရေး၊ ယဉ်ကျေးမှုတို့၌ ဆက်စပ်လွှမ်းခြုံမှု မည်သို့ရှိစေ၊ မိမိလူမျိုးကို လွှမ်းမိုးသွားခြင်း မရှိအောင် ကာကွယ်နေကြသည်။ နိုင်ငံတစ်ခုတွင် အာဏာရလူမျိုးစုဖြစ်သော လူမျိုးက အခြားလူမျိုးများအပေါ် လူမျိုးရေးအရ လွှမ်းမိုးဝါးမျိုးလိုကြသည်။ သို့သော် ကမ္ဘာ လွှမ်းပတ်ယှက်နွယ်မှုအရ ခြားလူမျိုးကြီးတို့၏ ဝါးမျိုမှုကို ရင်ဆိုင်လာရသောအခါ မိမိတို့လူမျိုးကို ကာကွယ်ထိန်းသိမ်း ရန် ကြိုးပမ်းလာနေကြသည်။ ကျွန်ုပ်တို့နိုင်ငံတွင် စစ်တပ်အစိုးရသည် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများကို တိုင်းနှင့် ပြည်နယ်အလိုက်ခေါ်ယူပြီး ငွေကုန်ကြေးများစွာခံကာ ကျင်းပနေကြသည်။ ဤသည်လည်း လူမျိုးရေးအခြေခံစိတ်ဓါတ် ၏ လေးနက်မှုပင်ဖြစ်သည်။

ကျွန်ုပ်တို့နိုင်ငံတွင် ကျွန်ုပ်တို့ကိုယ်တိုင်ပါဝင်ပြီး ပြဿနာများကို နည်းပေါင်းစုံဖြင့် ဖြေရှင်းခဲ့ကြသည်။ ပြဿနာဖြေရှင်း ရေး နည်းပေါင်းများစွာအနက် လက်နက်ကိုင် ဖြေရှင်းနည်းသည် အဆင့်အမြင့်ဆုံးနှင့် အရှည်ကြာဆုံးဖြစ်သည်။ နှစ်ပေါင်း (၅၀) ကျော် ဖြေရှင်းခဲ့ပြီးဖြစ်သော်လည်း ယနေ့အထိ ပြေလည်စရာ အလားအလာ မမြင်တွေ့ရသေးပေ။ ၁၉၅၈ ခုနှစ်တွင် ဦးနု၏ (ပထစ) အစိုးရသည် ဒီမိုကရေစီကို ပိုမိုကျယ်ပြန့်အောင် လမ်းဖွင့်ပေးပြီး နိုင်ငံရေးအရ ဖြေရှင်း ရန် ကြိုးပမ်းခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခများ အရှိန်လျော့ကျလာပြီး နိုင်ငံရေးအရ လှုပ်ရှားမှု အရှိန်ကောင်းလာသည်။ ဤသို့ အရှိန်အဟုန်အားကောင်းလာသည်ကို စစ်တပ်က မလိုလားသဖြင့် အာဏာသိမ်းခဲ့သည်။ စစ်ရေးအရ အရှိန်မြင့် ပြီး ဖြေရှင်းခဲ့သည်။ ရလာဒ်ကား နှစ်ဖက်စလုံး အင်အားပိုမိုကြီးမားလာပြီး တိုက်ပွဲများနေရာအနှံ့ ကျယ်ပြန့်လာကာ စစ်ပွဲ၏အနိဌာရုံများကို ပြည်သူများ ခါးသီးစွာ ခံစားလာခဲ့ရသည်။

၁၉၇၀ ခုတွင် ပေါ်ပေါက်ခဲ့သော ဦးနု၏ ပါလီမန်ဒီမိုကရေစီပါတီသည် နိုင်ငံခြားအရင်းရှင်းများ၏ အားပေးကူညီမှုကို အတော်အတန်ရရှိခဲ့သည်။ လူမျိုးစုအဖွဲ့အစည်းများကိုကား မည်သည့်နိုင်ငံကမှ ပေးကမ်းခြင်းမရှိ။ ဗကပနှင့် ပူးပေါင်း လျှင် ဗကပ ပေးကမ်းသမျှကိုသာ ရရှိပြီး လုံးပါးပါး ပျောက်ကွယ်သွားသည်။ တော်လှန်ရေးကာလတစ်လျှောက်လုံးမှာ ခေါင်းထောင်ခဲ့သော ဗကပ သည်လည်း ၁၉၉၀ ခုနှစ်နှောင်းပိုင်းတွင် ဦးကျိုး၍ မြေလျှိုးခဲ့ရသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှာကား မိမိလူမျိုးနှင့် မိမိပြည်သူများ၏ ထောက်ပံ့ပေးမှုဖြင့် ခက်ခဲစွာ ရုန်းကန်ခဲ့ရသော် လည်း ပန်းပန်မြဲပင်။ ဤသည်မှာလည်း လူမျိုးရေးအခန်း၏ လေးနက်မှု သာဓကတစ်ရပ်ပင်ဖြစ်သည်။

ယခုခေတ်ယခုအခါသည် ဒီမိုကရေစီခေတ်ကာလဖြစ်သည်။ ဒီမိုကရေစီသည်ကား ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်။ ဒီမိုကရေစီပျိုးပင်ကို ကျနော်တို့ ပြည်ထောင်စုမှာ စိုက်ပျိုးခဲ့ဘူးပါသည်။ သို့သော်ကြာရှည်မရှင်နိုင်ခဲ့ပါ။ အဘယ်ကြောင့် နည်း။ ဤနည်းနှင့် ဤရာသီမျိုး ဒီမိုကရေစီပျိုးပင်များ ပေါက်ပွားကြီးပြင်းနိုင်ရန် လိုအပ်နေသည့် နေရောင်ကာပင် (အရိပ်ပင်) သို့မဟုတ် တွယ်တက်ရန် အပင်ဖြစ်သော တိုင်းရင်းသားလူမျိုးများအတွက် လူမျိုးရေးအရ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပင်များကို ပေါက်ခွင့်မပေး၊ ခုတ်ထွင် ဖယ်ရှင်းထားသောကြောင့် ဖြစ်သည်။ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့ စစ်တပ်မှ အာဏာသိမ်းခြင်းသည် အဓိကအားဖြင့် တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ကို ရှင်သန်ခွင့် မပေးလို၍ဖြစ်သည်။ ထိုအခွင့်အရေးကို ဖျက်ဆီးရင်း ဒီမိုကရေစီအခွင့်အရေးများ လည်း ပျက်ပြားခဲ့ရပြီးဖြစ်သည်။

ကျွန်ုပ်တို့နိုင်ငံတွင် စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ခြင်းကို ထည့်တွက်ခြင်းမပြုဘဲ ဒီမိုကရေစီရေး သက်သက် ဖြင့် ပြဿနာများကို မဖြေရှင်းနိုင်။ ပြည်တွင်းစစ်ကို မရပ်တန့်နိုင်ပါ။ ဖြစ်ရှိနေသော နိုင်ငံရေးပြဿနာများနှင့် လက်နက် ကိုင် ပဋိပက္ခများကို မဖြေရှင်းနိုင်ပါက ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ လူမှုလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီအခွင့်အရေးများသည် လည်း မရှင်သန်နိုင်ပေ။ ကျွန်ုပ်တို့နိုင်ငံ၏ ထူးခြားမှုတစ်ရပ်ဖြစ်သော ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးများ၏ ဦးရေသည် နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ရှိနေခြင်း၊ ထိုလူမျိုးစုများ နေထိုင်သော နယ်မြေများသည် ပြည်ထောင်စု တစ်ခုလုံး၏ ငါးပုံသုံးပုံကျော်ရှိနေခြင်း၊ ထိုလူမျိုးများစုအနက် သမိုင်းကြောင်းအရ လွတ်လပ်ထင်ရှားစွာ နေထိုင်လာခဲ့ ကြသည်က များပြီး ယနေ့အထိ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင်းကို လိုလားတောင်းဆိုနေသည့် လူမျိုးများဖြစ်နေခြင်း တို့သည် ထူးခြားမှုဖြစ်သည်။

ထို့ကြောင့် ဤနေရာမျိုး ဤအခြေအနေမျိုးများ၏အရေးကို နောက်ချန် (သို့မဟုတ်) ဘေးဖယ်ထားပြီး နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနေပါက အချိန်ကုန်၊ လူပန်း၊ သံသယများကို ပို၍ တိုးပွားစေရုံသာ ဖြစ်မည်။ ထို့ကြောင့် ပြဿနာများကို အမှန်တကယ်ဖြေရှင်းလိုသောဆန္ဒရှိပါက “သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခြင်း” သည်သာ ပြေလည်မှုကို ပေးဆောင်နိုင်သော ထွက်ပေါက်ဖြစ်ကြောင်း အိပ်ပျော်ယောင်ဆောင်နေသူများကို ထပ်မံလှုပ်နှိုး တင်ပြပါသည်။

နိုင်ဟံသာ
၂၀၀၂-ခုနှစ်

ဆောင်းပါးရှင်၏ခွင့်ပြုချက်ဖြင့် စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး စာအုပ်မှ ပြန်လည်ဖေါ်ပြသည်။

No comments: