Monday, May 25, 2009

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လှုပ်ရှားမှုကြောင့် အာဏာပိုင်များ လုံခြုံရေးတင်းကြပ်

ဉာဏ်မောင် Monday, 25 May 2009

မန္တလေး တိုင်း၊ ကျောက်ပန်းတောင်း မြို့ပေါ်တွင် ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး ငါးလွှတ် ဆုတောင်းပွဲ ကို နှစ်ရက် ဆက် တိုက် ပြုလုပ်ခဲ့ သောကြောင့် မေလ (၂၅) ရက်နေ့ တွင် အာဏာပိုင် များက လက်နက်ကိုင် လုံခြုံရေး များကို မြို့ပေါ်တွင် ချထား ကြောင်း ကျောက်ပန်းတောင်း မြို့ခံ များက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် မေလ (၂၃) ရက်နှင့် (၂၄) ရက် နေ့များတွင် ကျောက်ပန်းတောင်းမြို့၊ စေတီကြီးဘုရားဝန်းအတွင်းရှိ ငါးကန်တွင် နိုင်ငံရေးတက်ကြွသူ လူငယ် ၄၀ ကျော်က ငါးလွှတ်ဆုတောင်းပွဲများ ပြုလုပ်ခဲ့သည့်အတွက် ဒေသအာဏာပိုင်များက အခုကဲ့သို့ လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားလိုက်ခြင်းဖြစ်သည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ကျောက်ပန်းတောင်းမြို့ခံတဦးက “မြို့ထဲကို ကားနဲ့လှည့်နေတာက လက်နက်ပစ္စည်း အပြည့်အစုံနဲ့ စစ်သားရော ရဲရော ပါတယ်၊ မြို့မရပ်ကွက်က ဝင်ကမ္ဘာဦး၊ တောင်ပေါ်သား အဲဒီလက်ဘက်ရည်ဆိုင်နဲ့ စေတီကြီးဘုရားနဲ့ မျက်နှာချင်းဆိုင်က လက်ဘက်ရည်ဆိုင်တွေမှာ အရပ်ဝတ်နဲ့ရော ယူနီဖောင်းနဲ့ရော စစ်သား၊ ရဲ အားလုံး အယောက် ၄၀ လောက်ရှိတယ်” ဟု ပြောသည်။

ကျောက်ပန်းတောင်းမြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ငါးလွှတ်ဆုတောင်းပွဲကို ယနေ့တွင်လည်း ထပ်မံပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

ယမန်နေ့၊ မေလ (၂၄) ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နှင့် စင်ကာပူ၊ ဂျပန်၊ ကိုရီယားနိုင်ငံများတွင်လည်း စစ်အစိုးရမှ မတရားဖမ်းဆီးထောင်ချရန် တရားစွဲဆိုခံနေရသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲများ စစ်အစိုးရအား ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ထဲသို့ အမေရိကန်နိုင်ငံသား ဂျွန်ယက်ထော ဆိုသူ ဝင်ရောက်ခဲ့သည်ဆိုသည့် ကိစ္စဖြင့် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမတို့ ၃ ဦးကို နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ (၂၂) ဖြင့် အင်းစိန်ထောင် အထူးတရားရုံးတွင် အမှုစစ်ဆေးသည့် (၅) မြောက်နေ့ မေလ (၂၂) ရက်နေ့တွင် စွဲချက်တင် လိုက်သည်။

အဆိုပါ ပုဒ်မ (၂၂) ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမတို့ကို မေလ (၂၅) ရက်နေ့ ယနေ့တွင် အင်းစိန်ထောင် အထူးတရားရုံးတွင် ဆက်လက်စစ်ဆေးမည်ဖြစ်သည်။

No comments: