Friday, May 22, 2009

ရုံးထုတ်သည့် စတုတ္တနေ့

အောင်သက်ဝိုင်း

မနေ့ ညနေ ၃ နာရီ လောက် ကနေ ညဥ့်နက် ပိုင်း အထိ မိုးရွာ သွန်းခဲ့ ပေမယ့် ဒီနေ့ ထွက်နေတဲ့ နေရောင် ကတော့ ခါတိုင်း နေ့ထက် မတူဘဲ အတော့်ကို ပူပြင်း လွန်းလှ ပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ရုံးထုတ်တဲ့ အင်းစိန် အနီး အနားကို လာရောက်တဲ့ လူ အရေအတွက် က နေ့လယ် ၁၂ နာရီ ကျော်ချိန်မှာ တရာ နီးပါး ရှိပါတယ်။

နေ့စဉ် ရက်ဆက် လာရောက် နေသူ တွေကတော့ စစ်အစိုးရ လက်ကိုင်တုတ် အရပ်ဝတ် ရဲ၊ စစ်သား၊ ကြံ့ဖွံ့ နဲ့ စွမ်းအားရှင် တွေပါပဲ။

နေ့လယ် ၁၂ နာရီ အထိ ဒေါ်အောင်ဆန်း စုကြည် အမှု စစ်ဆေး နေတဲ့ အင်းစိန်ထောင် အထူး တရားရုံးကို အမေရိကန် သံရုံး မှအပ တခြား သံတမန်တွေ၊ သတင်း ထောက်တွေ ၀င်ခွင့်ပြု တယ်ဆိုတဲ့ သတင်း တစုံတရာ မရရှိ သေးပါဘူး။

ရန်ကုန်မြို့တ၀န်းမှာ လုံခြုံရေးက တင်းတင်းကျပ်ကျပ်ချထားဆဲပါ။ လမ်းမတွေပေါ်မှာ လှည့်လည်သွားလာ နေတဲ့ တုတ်၊ ဒိုင်း၊ လက်နက်အပြည့်အစုံနဲ့ ရဲကားတွေ တွေ့နေရသလို၊ အနီရောင်လည်ပတ်တွေစည်းထားပြီး အစိမ်း ရောင် ယူနီဖောင်းဝတ် လက်နက်ကိုင် စစ်သားတွေ တင်ဆောင်ထားတဲ့ ထရပ်ကားကြီးတွေကလည်း လမ်းမတွေ ပေါ်မှာ သွားလာနေကြပါတယ်။

မိသားစု စားဝတ်နေရေးကိစ္စတွေကြောင့် အင်းစိန်ထောင်အနီးအနားကို မလာရောက်နိုင်တဲ့ ပြည်သူအများအပြား ရှိပေမယ့် သူတို့စိတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကသာ စိုးမိုးထားတယ်ဆိုတာ မနက်ပိုင်း အိတ်ဆောင်ရေဒီယို လေးတွေနဲ့လမ်းမတွေပေါ်၊ ဘတ်စ်ကားတွေပေါ်၊ လက်ဖက်ရည်ဆိုင်တွေမှာ သတင်းနားထောင်နေကြတဲ့ ရန်ကုန် မြို့သူမြို့သားတွေက သက်သေပြနေတယ်။

မြန်မာ့နိုင်ငံရေးအသိုင်းအ၀န်းကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဆွဲထုတ်ဖို့ စစ်အစိုးရက အခုလို တရားရုံးတင် စစ်ဆေးနေပေမယ့် ပြည်သူတွေကို နိုင်ငံရေးအသိ၊ နိုင်ငံရေးစိတ်ဓာတ်တွေ ပြန်လည်နိုးကြားလာစေတယ်ဆိုတာ စစ်အစိုးရက သိချင်မှ သိမှာပါ။

အခုကာလမှာ လူအများစုက ဒေါ်စု၊ ဒေါ်စု ဖြင့် ဘတ်စ်ကား စီးချိန်တွင်မှာပါ ဒေါ်စုအကြောင်းက လွှမ်းမိုးနေပါ တယ်။ မြန်မာပြည်သူတွေကြားမှာ ဒေါ်စုကိစ္စက စိတ်ဝင်တစား ပြောဆိုနေကြတဲ့ အကြောင်းအရာဖြစ်လာတယ်။

စစ်အစိုးရက ခဏတာ အိပ်ပျော်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်အားပေး ထောက်ခံတဲ့ နှလုံးသား တွေ ကို လှုပ်နှိုးလိုက်သလိုဖြစ်နေပါတယ်။

၁၉၈၈ ခုနစ်ကနေ ရေတွက်ရင် အနှစ် ၂၀ကျော် ကြာခဲ့ပေမယ့် မြန်မာပြည်သူလူထုရဲ့ကြားမှာ ဒေါ်အောင်ဆန်း စုကြည် က ရေပန်းစားဆဲ။ ချစ်ခင်နေကြဆဲ။ ထောက်ခံနေကြဆဲ။ မျှော်လင့်နေကြဆဲဆိုတာ သေချာသလောက် ရှိပါတယ်။

ရန်ကုန်စီးပွားရေးလောကသားတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်ဆက်တွဲအခြေအနေတွေကို
စောင့်ကြည့် နေကြပါတယ်။

ရန်ကုန်မှာ ကုန်ဈေးနှုန်းတွေ တနေ့တခြား တက်လို့လာတယ်။ အထူးသဖြင့် နိုင်ငံရေး မတည်မငြိမ်မှု ဖြစ်တိုင်း လူတွေ အပြေးဝယ်စုကြတဲ့ ရွှေနဲ့ ဒေါ်လာ ဈေးက တနေ့တခြား တက်လို့လာတယ်။

မေ ၂၀ ရက်နေ့ မနက်ပိုင်းက အကယ်ဒမီအခေါက်ရွှေ တကျပ်သား ၅၂၈၀၀၀ ကျပ် ရှိနေရာကနေ ညနေပိုင်းမှာ ၅၃၁၀၀၀ ထိဈေးတက်သွားတယ်။ ဒေါ်လာနဲ့မြန်မာငွေလဲနှုန်းမှာလည်း မြန်မာငွေတန်ဖိုးထပ်ကျပြီး အမေရိကန် တဒေါ်လာမြန်မာငွေ ၁၀၇၀ ကနေ ၁၀၇၅ ထိဈေးတက်သွားတယ်။ ဒေါ်လာဝယ်စုမယ်ဆိုရင် ငွေလဲဒိုင်တွေ ဆီ ကနေ တဒေါ်လာ မြန်မာငွေ ၁၀၉၀ ကျပ်နဲ့ပြန်ဝယ်မှ ရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူအများစုက စစ်ဗိုလ်ချုပ်ကြီးများ၏ ဓာတ်ပုံများကို မကြည့်မြင်လိုကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ သတင်းကို ဖော်ပြသည့် အစိုးရသတင်းစာများအား ဝယ်ယူဖတ်ရှု ကြသောကြောင့် ယခု ရက်ပိုင်းအတွင်း အပတ်စဉ်ထုတ် ပုဂ္ဂလိက သတင်းဂျာနယ်များထက် ရောင်းကောင်း နေခဲ့ပါတယ်။

မွန်းလွဲ ၁ နာရီကျော် ချိန်မှာတော့ အင်းစိန်ဈေးရှေ့ကို လာရောက်ကြတဲ့လူအုပ်ကြီးက အရင်နေ့များကလို တဖွဲဖွဲနဲ့ များပြားလာပြီး လူ ၂၀၀နီးပါးခန့် ရှိလာပါတယ်။

အင်းစိန်ဈေးရှေ့ ဂန္ဓမာလမ်းအနီး ကျူံစင်ရွှေဆိုင်ရှေ့မှာ ရပ်ထားတဲ့ စက်မှုဇုန်ထုတ် ၈ ဃ/ ၈၄၇၁ Light Truck ယဉ်ပေါ်မှာ စွမ်းအားရှင်နဲ့ ကြံ့ဖွံ့အဖွဲ့ဝင်တွေလို့ ယူဆရတဲ့ စစ်အစိုးရဘက်တော်သားတွေက မောပန်း နွမ်းဟိုက် တဲ့ မျက်နှာတွေနဲ့လူအုပ်ကို အကဲခတ်နေတယ်။

အင်းစိန်ဈေးမျက်နှာချင်းဆိုင် မြင့်မိုရ်လမ်းထိပ်ရှိ ထိပ်တန်း အပေါင်ဆိုင်ရှေ့မှာတော့ အင်္ကျီအပြာရောင် ၀တ်ဆင် ထားပြီး တခေါင်းလုံးဖြူဖွေးနေတဲ့ ဆံပင်တွေနဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ကို တွေ့ရတယ်။

အသက်အရွယ်ကြီးရင့်နေပြီဖြစ်လို့ ဆရာကြီးလည်း မောပန်းနွမ်းနေပြီး ရေသန့်ဘူးထဲက ရေများကို တကျိုက်ပြီး တကျိုက် မော့သောက်နေပါတယ်။

သတင်းစာဆရာကြီး ဦးဝင်းတင် အပါအဝင် လူအုပ်ကြီးက ပြန်ထွက်လာမယ့် ရှေ့နေတွေကို စောင့်ဆိုင်းနေတာ ပါ။

ကောင်းကင်ယံမှာတော့ တိမ်တိုက်မိုးသားတွေကလည်း အုံ့ဆိုင်းလို့ လာနေပါတယ်။

မြန်မာနိုင်င်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ပေါ်ထွန်းလာချိန်ဆိုရင် အင်းစိန်ထောင်ရှေ့က ဒီအဖြစ်အပျက်တွေ ဟာ သမိုင်းမှတ်တမ်းအဖြစ် တွင်ကျန်ရစ် နေဦးမယ်ဆိုတာ သေချာလှပါတယ်။


No comments: