Monday, March 26, 2012

NLD ရခိုင်ပြည်နယ်ရုံး စစ်တွေတွင် ဖွင့်လှစ်

နိရဉ္စရာ


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရခိုင်ပြည်နယ် ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲကို မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ပြည်နယ် မြို့တော် စစ်တွေမြို့တွင် ပြုလုပ်ခဲ့သည်။

ပြည်နယ်ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ပုံနှင့် ပတ်သက်၍ အဖွဲ့ချုပ် ပြည်နယ် အတွင်းရေးမှူး ဦးခင်လှက နိရဉ္စရာသို့ ယခုလို ပြော သည်။

" ဒီနေ့ ၂၅-၀၃-၁၂ နံနက် ၈ နာရီမှာ ဖွင့်ပါတယ်။ လမ်းသစ်ရပ်ကွက်မှာ ယခင် မြို့နယ်ရုံးဖွင့်ထားတဲ့ အ ဆောက်အဦးမှာ ဖွင့်တာ ဖြစ်ပါ တယ်။ အဆောင်ကတော့ တခုတည်းပါ။ တဖက်က မြို့နယ်ရုံး၊ နောက်တဖက် က ပြည်နယ်ရုံးပါ။ ပရိတ်သတ် လူ ၂၀၀ လောက် တက် ရောက်ကြပါတယ်။ ရခိုင်ပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် တွေနဲ့ ပြည်နယ်စီးအဖွဲ့ဝင်တွေလည်း တက်ရောက်ကြပါတယ်။"

ပြည်နယ်ရုံးဖွင့်ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ် ဥက္ကဌ ဦးညီပု (ဂွ) ဦးစောလေး (ဂွ)၊ ဦးမောင် ကြွင်းအောင် (ရသေ့ တောင်)၊ ဦးရွှေတင် (ရသေ့တောင်)၊ ဦးအောင်ဘန်းသာ (စစ်တွေ)၊ ဦးစံရွှေ (စစ်တွေ)၊ ဦး စောမောင် (ပုဏ္ဏားကျွန်း)၊ ဒေါ်စန်းရီ (မောင် တော) အပါအ၀င် ဘူးသီးတောင်၊ မင်းပြား၊ မြောက်ဦး၊ ပေါက် တော၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်နှင့် သံတွဲ မြို့နယ်များမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်း NLD ဗဟိုရုံးအပါအ၀င် မြို့နယ်ရုံးခွဲများ ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး အဖွဲ့ချုပ် ရခိုင်ပြည်နယ် ဥက္ကဌ ဦးညီပုမှ နိရဉ္စရာသို့ ပြောသည်။

" ကျွန်တော်တို့ ပြည်နယ်မှာ တခြား တိုင်းနဲ့ပြည်နယ်တွေလိုဘဲ အဖွဲ့ချုပ်က ညွန်ကြားထားတဲ့အတိုင်း ပြည် နယ်ရုံး ဆိုင်းဘုတ်တင်ပွဲကို ဖွင့်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့ချုပ် အနေဖြင့် လုပ်ဆောင်မည့် အစီအစဉ် အထွေအထူး မရှိသေးပါဘူး။ လောလောဆယ်မှာ အ ဖွဲ့ဝင် စုဆောင်းတာတို့၊ မြို့နယ် ဆိုင်းဘုတ်တွေ တင်ဖို့ ကိစ္စ တို့ ဒီလောက်ပဲ ရှိပါတယ်" ဟု ပြောသည်။

ပြည်နယ်ရုံး ဆိုင်းဘုတ်တင်ပွဲ အပြီးတွင် မြို့နယ်အသီးသီးမှ ရောက်ရှိလာကြသော ကိုယ်စားလှယ်များနှင့် ပြည် နယ်စီးအဖွဲ့ဝင်များက အဖွဲ့ချုပ်၏ ရှေ့လုပ်ငန်းစဉ်များနှင့် မြို့နယ်အတွင်း လုပ်ဆောင်ခဲ့သည့် အခြေအနေများ ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွင့်လှစ်ထားသော မြို့များမှာ စစ်တွေ၊ ရသေ့တောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ မာန်အောင်မြို့တို့ ဖြစ်ပြီး ကျန်ရှိနေသေးသော မြို့များတွင်လည်း ဆက်လက် ဖွင့်လှစ်သွားမည်ဟု သိရှိရသည်။

No comments: