ပီတာအောင်
လက်ပန်းတောင်းတောင် အရေးအခင်းဖြိုခွင်းမှုမှာ ဒဏ်ရာရသွားခဲ့ကြတာနဲ့ ပတ်သက်ပြီး သံဃာတော် တွေကို အစိုးရက မန္တလေးမြို့မှာ ဒီကနေ့ တရားဝင် ၀န်ချတောင်းပန် လိုက်ပါတယ်။
မန္တလေးတောင်ခြေမှာရှိတဲ့ မဟာအတုလဝေယာန်(အတုမရှိကျောင်းတော်ကြီး)မှာ နိုင်ငံတော်အ စိုးရကိုယ်စား ပြည်ထောင်စုဝန်ကြီး တွေ က ဒီဇင်ဘာ ၁၅ ရက် စနေနေ့ မွန်းလွဲပိုင်းမှာ တရားဝင်အခမ်းအနားနဲ့ သံဃာ တော်တွေကို ၀န် ချ တောင်းပန်သွားတာပါ။
သံဃာတော်တွေကို ၀န်ချတောင်းပန်ပွဲကို အစိုးရအဖွဲ့ကိုယ်စား နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ခေါင်းဆောင် တက်ရောက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်၊ မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးရဲမြင့်၊ စစ် ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသာအေးနဲ့ ရဲချုပ်ကျော်ကျော်ထွန်း စသူတို့ ပါဝင်ပါတယ်။
အစိုးရရဲ့ တောင်းပန်မှုကို သံဃာတော်တွေဘက်ကလည်း လက်ခံပြီး ကျေအေးလိုက်တယ်လို့ ဦးဆောင်သံဃာတပါးဖြစ်တဲ့ ဆရာတော် ဦး သောဘိတက မိန့်ပါတယ်။
“ကျေအေးပါတယ်။ အားလုံး သာဓုခေါ်ကြတယ်။ ဒဏ်ရာရသံဃာတော်တွေရဲ့ ဆရာတော်တွေ မုံရွာ မြို့မဂါတ်ကျောင်းဆရာတော်တို့ကလည်း ဩ၀ါဒပေးတယ်။ ဒါနဲ့ ပတ်သက်ပြီး တောင်းပန်တာကကောင်းတဲ့အကြောင်း၊ ခွင့်လွှတ်ဖို့ ပြောတဲ့အခါ ဆရာတော်တွေက ခွင့်လွှတ်တဲ့ အဓိပ္ပာ ယ်နဲ့ သာဓု ခေါ်ကြတယ်။”
ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနဲ့အဖွဲ့ ကတော့ ၀န်ချတောင်းပန်မှုမလုပ်ခင် မန္တလေးပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေတဲ့ သံ ဃာ တော်များကို သွားရောက်ဖူးမြှော် အားပေးစကားပြောကြားခဲ့တယ်လို့လည်းသိရပါတယ်။
နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်က လက်ပန်းတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှုမှာ သံဃာနဲ့ လူပုဂ္ဂိုလ် ၁၀၀ ကျော်လောက် ဒဏ်ရာရရှိသွား ခဲ့တာ ဖြစ်ပြီး သံဃာတော် အများအပြား မီးလောင်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
အစိုးရက တိုင်းဒေသကြီးအဆင့်နဲ့ သာသနာရေးဝန်ကြီးတို့က သံဃမဟာနာယက ဆရာတော်ကြီးတွေကို တောင်းပန်လျှောက်ထားခဲ့ပြီး ဖြစ် ပေမယ့် သံဃာတွေက လက်မခံဘဲ နိုင်ငံတော်အဆင့် တာဝန်ရှိသူတွေက ဒဏ်ရာရသံဃာတော်တွေကို တိုက်ရိုက် တောင်းပန်ဖို့၊ အပြစ်ကျူး လွန်သူတွေကို အရေးယူဖို့နဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံအနှံ့မြို့ကြီးတွေမှာ လမ်း မတွေပေါ်ကြွချီ ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
No comments:
Post a Comment