Friday, December 27, 2013

တရုတ်ချေးငွေ သတ်မှတ်ကာလအတွင်း ပြန်ဆပ်ရန် သမ္မတ တိုက်တွန်း

မင်းမင်း

တရုတ်နိုင်ငံ၏ ကနဦးထုတ်ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁၀၀ ကို မြန်မာအစိုးရက အသေးစားချေး ငွေအဖြစ် စတင် ချေးပေးနေပြီဖြစ်ပြီး ယင်းငွေများအား ပြည်သူများက သတ်မှတ်ကာလအတွင်း မှန်မှန် ကန်ကန် ပြန်ဆပ်ကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပုသိမ်မြို့တွင် ပြောကြားလိုက်သည်။

“ချေးငွေတွေကို မိမိတို့ရဲ့လုပ်ငန်းတွေမှာ မှန်မှန်ကန်ကန် ထိထိရောက်ရောက် အသုံးပြုသွားကြဖို့လိုအပ်သလို သတ်မှတ်ကာလ ရောက်ရှိတဲ့အခါမှာလည်း ချေးငွေတွေကို မှန်မှန်ကန်ကန်နဲ့ ပြန်လည် ပေးဆပ်သွားကြဖို့ အရေးကြီးပါတယ်”ဟု ဒီဇင်ဘာ ၂၄ ရက်က ပုသိမ်မြို့ရှိ ကိုးသိန်းဘောလုံးကွင်းတွင် ပြုလုပ် သော “ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခမ်းအနား”သို့ လာရောက်ကြသည့် ထောင်ပေါင်းများစွာသော ဧရာဝတီတိုင်းဒေသခံများကို သမ္မတက ပြောကြားလိုက်ခြင်းဖြစ်သည်။

သမ၀ါယမ၀န်ကြီးဌာနမှ လုပ်ဆောင်နေသည့် အသေးစားချေးငွေလုပ်ငန်းများအတွက် တရုတ် ပို့ကုန် သွင်းကုန်ဘဏ် Exim Bank of China မှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ သန်းတစ်ရာ ထုတ်ချေး ပေးမည့်အစီအစဉ်ကို သြဂုတ် ၂၂ ရက်က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည်။ လွှတ်တော် ကိုယ်စားလှယ်အချို့မှ အတိုးနှုန်းများလွန်းခြင်း၊ တိကျသည့် စီမံကိန်းများ မတင်ပြနိုင်ခြင်း၊ ချေးငွေ ပြန် လည်ပေးဆပ်မည့်အချိန်တွင် ရှိနေမည့် ငွေကြေးလဲလှယ်မှုနှုန်းကို တွက်ချက်ရန် ထောက်ပြသည့်ကြားမှ အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ အတည်ပြုခဲ့သော ကန်ဒေါ်လာသန်း ၁၀၀ သည် တရုတ်မှ မြန်မာကို ထုတ်ချေးပေးရန် သဘောတူထားသော ကန်ဒေါ်လာသန်း ၇၀၀ အနက်မှ ကနဦးချေးငွေဖြစ်ပြီး ၎င်းကို သမ၀ါယမမှတစ်ဆင့် ယခုကဲ့သို့ ချေးငွေများ ပြန်လည် ချပေးနေခြင်းဖြစ်သည်။

သဘောတူညီချက်အရ အဆိုပါချေးငွေကို မြန်မာအနေဖြင့် ဆိုင်းငံ့ကာလ နှစ်နှစ်အပါအ၀င် ၁၀ နှစ်အ တွင်း ပြန်လည် ပေးဆပ်ရမည်ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၄ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။ ချေးငွေများကို မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်က ငွေချေးသူအဖြစ်လည်းကောင်း၊ သမ၀ါယမ၀န်ကြီးဌာန က ချေးငွေသုံးစွဲသူအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထို ရရှိထားသည့် ချေးငွေများထဲမှ ဧရာဝတီတိုင်းအတွင်းရှိ သမ၀ါယမအသင်းသား ၇၆,၄၄၇ ဦးအတွက် ကျပ်သိန်းပေါင်း ၇၆,၂၁၁ ဒသမ ၅ ကို သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်းက ထိုအခမ်းအနားတွင်ပင် သမ၀ါယမကိုယ်စားလှယ်များအား ပေးအပ်ခဲ့သည်။

ချေးငွေများကို ပြည်သူများက သတ်မှတ်ကာလအတွင်း မှန်မှန်ကန်ကန် ပြန်ဆပ်ရန်လိုသလို တာဝန်ယူ ထုတ်ချေးပေးသည့် သမ၀ါယမ၀န်ကြီးဌာနရှိ ၀န်ထမ်းများကလည်း မှန်မှန်ကန်ကန် ဆောင်ရွက်ရန်လိုသည်ဟု သမ္မတက သတိပေးပြောကြားသည်။

ချေးငွေရယူသူများအနေဖြင့်တော့ အသေးစားချေးငွေရယူတိုင်း သတ်မှတ်ကာလအတွင်း ပြန်ဆပ်သည့် အချိန်တွင် အချို့မှာ ဆပ်စရာငွေမရှိသည့်အတွက် ပြင်ပမှ အတိုးနှုန်းကြီးစွာ ပြန်လည်ချေးယူပြီး ဆပ်ကြ ရသည်များလည်းရှိသည်ဟု သာပေါင်းမြို့နယ် လဟာဂမုံရွာမှ လယ်သမားကြီးတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထိုသို့ ပြန်ဆပ်ရာတွင် အခက်အခဲများ မတွေ့စေရန် ချေးငွေများကို အလွဲသုံးစားမလုပ်ဖို့ သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်းက “အလွဲသုံးစားပြုခြင်းဆိုရာမှာ ချေးငွေဖြင့် အရက်သေစာသောက်စားခြင်း၊ လောင်းကစားခြင်းစတဲ့ အကျိုးမဲ့လုပ်ငန်းမှာ သုံးစွဲခြင်းကို ဆိုလိုပါတယ်”ဟု ပြောသည်။

ချေးငွေရယူသည့် သမ၀ါယမအသင်းသားများအနေဖြင့် ခြောက်လအတွင်း ပြန်ဆပ်ရမည်ဖြစ်ပြီး ချေးငွေ ရယူပြီး သုံးလပြည့်ပါက အတိုးကို ကနဦးဆပ်ရမည်ဖြစ်သည်။ နောက်သုံးလတွင် အတိုးရော အရင်းပါ ပြန်ဆပ်ရမည်ဖြစ်သည်။ အတိုးနှုန်းမှာ ငွေတစ်ရာကျပ်လျှင် ၁ ဒသမ ၅ ကျပ်နှုန်း ဖြစ်သည်။

သမ၀ါယမ၀န်ကြီးဌာနက ပြီးခဲ့သည့်နှစ် အောက်တိုဘာလကစပြီး လက်ရှိအချိန်ထိ အသေးစားချေးငွေ အနေဖြင့် ကျပ်သိန်းပေါင်း တစ်သိန်းကျော် ထုတ်ချေးပေးခဲ့သည့်အပြင် ကျပ်သိန်းပေါင်း နှစ်သိန်းနီးပါး တန်ဖိုးရှိသည့် လုပ်ငန်းသုံးစက်ကိရိယာအမျိုးမျိုးကိုလည်း အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချထားသည်။ ထိုငွေများမှာ သမ၀ါယမအသင်းပိုင်မြေနှင့် အဆောက်အအုံတို့ကို သမ၀ါယမဘဏ်တွင် အပေါင်ထားပြီး ချေးယူပေးခြင်း ဖြစ်သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျန်ရှိသည့် အစိုးရသက်တမ်းအတွင်း ဦးစားပေး လုပ်ဆောင်သွားမည်ဟု သမ္မတဦးသိန်းစိန်က ပြောဆိုထားသည်။ လက်ရှိတွင် စားဝတ်နေရေး ကျပ်တည်းသည့် ပြည်သူများမှာ ငွေတစ်ရာလျှင် အတိုး ၁၅ ကျပ်နှုန်းအထိပင် ချေးယူနေကြရသေးသည်။

No comments: