ABC
ဗြိတိန်စစ်တပ်ကနေ မြန်မာ့ တပ်မတော်နဲ့ အစိုးရ အဆင့်မြင့် အရာရှိ ၃၀ ကို လာမယ့် ရက်ပိုင်းအတွင်းမှာ ရက်တို စစ်ရေးဆိုင်ရာ သင်တန်း တခုပေးသွားဖို့ ရှိတယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
၂ ပတ်ကြာ ပို့ချသွားမယ့် ဒီသင်တန်းဟာ တိုက်ခိုက်ရေး သင်တန်း မဟုတ်ပဲ လူအခွင့်အရေးဆိုင်ရာ၊ လူသားချင်း စာနာမှုဆိုင်ရာတွေအပြင် တာဝန်သိတတ်မှုစတာတွေကို ပို့ချသွားမယ့် ပညာပေးရေး ဆိုင်ရာတွေဖြစ်တယ်လို့ ဗြိတိန် စစ်ဖက်က ပြောပါတယ်။
ဒီသင်တန်းကို ပိုမိုကျယ်ပြန့်တဲ့ လုံခြုံရေးဆိုင်ရာ ကာကွယ်ရေး စီမံမှု ဆိုတဲ့ အမည်ပေးထားပြီး ဗြိတိန်တက္ကသိုလ် တခုဖြစ်တဲ့ Cranfield တက္ကသိုလ်က ကူညီပို့ချသွားမယ်လို့ ဆိုပါတယ်။
တပ်မတော်ဟာ မြန်မာ့ နိုင်ငံရေး အင်အားစုတွေရဲ့ သော့ချက် တခုဖြစ်တာကြောင့် မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ တပ်မတော်က ပါဝင်ကူညီလာအောင် ရည်ရွယ်မျှော်မှန်းတဲ့ အတွက် အခုလို ပညာပေးရေးတွေ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဗြိတိန်ကာကွယ်ရေး ၀န်ကြီး Mark Francois က ပြောကြားလိုက်ပါတယ်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံ Sandhurst စစ်တက္ကသိုလ်ကို ရောက်ရှိစဉ်မှာ ဗြိတိန် အစိုးရကို တောင်းဆိုခဲ့တာကြောင့် အခုလို အစီအစဉ် အကောင်အထည် ပေါ်လာတာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံလိုပဲ အမေရိကန်ကလည်း မြန်မာ စစ်တပ်ကို တရားဝင် စစ်သင်တန်းတွေ ပို့ချပေးခဲ့ဖူးပါတယ်။
No comments:
Post a Comment