Tuesday, May 5, 2009

နာဂစ်ဒဏ်သင့် ဒေသတွင် သစ်ပင်များ ပြန်စိုက်မည်

မေကျော်

ချင်းမိုင် (မဇ္ဈိမ)။ ။ နာဂစ် မုန်တိုင်း တိုက်ခတ်မှုကြောင့် ဧရာဝတီ တိုင်းအတွင်း အသေအပျောက်နှင့် အဆုံးအရှုံး များ ကြီးမားစွာ ဖြစ်ပေါ်ခဲ့ ရာတွင်၊ ယခင် ကတည်းက သစ်တောများကို မဆင်မခြင် ခုတ်လှဲခဲ့ခြင်း ကြောင့် မုန်တိုင်း ဆိုးကျိုးများ ပိုခဲ့ရသည်ဟု ပြည်တွင်း အခြေစိုက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များက သုံးသပ်ကြ သည်။

မုန်တိုင်းဒဏ်သင့် ´ဧရာဝတီတိုင်း ဗြုန်းမွေးကျွန်းတွင် ဒီရေတောများ ပြန်လည်စိုက်ပျိုးနေပြီး မိန်းမလှကျွန်းတွင် ဒီရေတောပင်များ စိုက်ပျိုးမည်ဟု ပြည်တွင်းအခြေစိုက် အစိုးရမဟုတ်သောအဖွဲ့ - NGO တခုဖြစ်သော သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း - FREDA က ဆိုသည်။

သူတို့က သစ်ပင်များကို လေကာတန်းများ၊ ဒီရေတောများအဖြစ် ပြန်လည်အစားထိုး စိုက်ပျိုးသွားမည့် စီမံကိန်းအတွက် စိုင်းပြင်းနေခြင်း ဖြစ်သည်။

FREDA ကို ၁၉၉၆ ခုနှစ်တွင် သစ်တောဦးစီးဌာန မြန်မာ့သစ်လုပ်ငန်းမှ အငြိမ်းစား ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းခဲ့သည်။ သစ်တော စိုက်ပျိုးထိန်းသိမ်းရေး၊ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးများကို လုပ်ကိုင်နေသည်။

လက်ရှိ အခြေအနေတွင် သဘာဝ ပတ်ဝန်းကျင် အသိပညာပေး အစီအစဉ်၊ ဆောင်ရွက်ဆဲ အခြေအနေ၊ မျှော်မှန်းချက်နှင့် အခက်အခဲများအကြောင်း သိရှိနိုင်ရန်အတွက် အသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးအုန်းထံ မဇ္ဈိမသတင်းထောက် မေကျော်က ဆက်သွယ်မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

(အသက် ၈၂ နှစ်ရှိပြီဖြစ်သည့် ဦးအုန်းသည် ပုပ္ပါးတောင်ဒေသ သစ်တော ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ဧရာဝတီတိုင်းအတွင်း ဒီရေတော ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံမှ ရွေးချယ်သော ကမ္ဘာမြေ ချစ်သူများ ၁၀၀ စာရင်းထဲတွင် ပါဝင်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် Mini- mata သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆုနှင့် ဂျပန်ယန်းငွေ တသန်း လက်ခံ ရရှိခဲ့သူဖြစ်သည်။)

နာဂစ်မုန်တိုင်း မွှေနှောက်ခဲ့တာ တနှစ်ပြည့်ချိန်မှာ နာဂစ်သင့် ဒေသတွေရဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေ တိုးတက်လာပါသလားရှင့်၊ ဘယ်လို အခြေအနေ တွေ့ရပါသလဲ။

တိုးတက်တယ်လို့ ပြောဖို့တော့ မလွယ်ဘူးပေါ့ဗျာ။ ဒါပေမဲ့ ကျနော်တို့ နာဂစ်ဖြစ်ပြီးနောက် ၃ မျိုး ရှိတယ်လေ။ ပထမတော့ ထောက်ပံ့ကူညီမှု Relief ပေါ့။ ပထမတော့ ဆန်၊ ဆီ၊ ဆားတို့ တာပေါ်လင်တို့ပေါ့၊ Immediately ချက်ချင်း Relief ပေါ့။ အဲဒီအတွက် ကူညီတယ်။ နိုင်ငံခြားကလည်း ကူညီတယ်။ ၁၁ ကြိမ်မြောက်ပဲ။ ကျနော်တို့ ပရောဂျက် ဧရိယာ တဝိုက်ရော၊ နာဂစ်ဧရိယာ တဝိုက်ရော ကျနော်တို့ ဒါတွေ ဝေပါတယ်။

နောက်တဆင့်ကျတော့ ပြန်လည် ထူထောင်ရေးပေါ့။ ပြန်လည် ထူထောင်ရေး ဆိုတာက အိမ်တွေ ပြန်ဆောက်ပေးတယ်။ ဆိုင်ကလုန်း အမိုးအကာတွေ Shelter ပြန်ဆောက်ပေးတယ်။ ဆိုင်ကလုန်း Shelter ၃ လုံးဆောက်တာ ၂ လုံးကတော့ တော်တော်ကို အခြေအနေ ကောင်းတယ်။ နောက်တလုံးကတော့ မြေအခြေအနေ မကောင်းလို့ အခု နိုင်ငံခြားသား ရန်ကုန် ရောက်နေတယ်။ သူတို့ မြေသွားရွေးမယ်။ အဲဒါကတော့ ဒုတိယအဆင့်ပေါ့။

ဒုတိယအဆင့်ပြီးတော့ တတိယအဆင့်ကတော့ သစ်ပင်တွေ ပြန်စိုက်မယ်။ ဒီရေတောပင်တွေ ပြန်စိုက်မယ်။ ဒါမှမဟုတ် လေကာတန်း အပင်တွေ ပြန်စိုက်မယ်။ Agro Forestry ဖြစ်အောင် အပင်တွေ ပေးမယ်။ အုန်းပင်တို့၊ ကွမ်းသီးပင်တို့၊ ပိန္နဲပင်တို့ စသဖြင့်ပေါ့။ အဲဒါမျိုးတွေ လုပ်နေကြတယ်နော်။

ဒီတနှစ်အတွင်းမှာ ဒေသခံတွေရဲ့ သဘာာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေကရော ပြောင်းလဲလာတာတွေ ရှိပါသလား။

အသိပညာကတော့ အရမ်းကို မြင့်လာတယ်။ ကျနော်တို့ လုပ်ငန်းကို ဂျပန်က ငွေကြေး အထောက်အပံ့ လုပ်တဲ့ ဧရိယာမှာ ၁ဝ နှစ်၊ လွန်ခဲ့တဲ့ ၁ဝ နှစ် အတွင်းမှာ ဧက ၄ဝဝဝ ကျော် ဒီရေတောပင်တွေ စိုက်တယ်နော်။ ရွာက ၂၆ ရွာ ရှိတယ်။ လူဦးရေ ၁၅ဝဝဝ ကျော်လောက် ရှိတယ်။ လူ ၃ ယောက်ပဲ သေတယ်၊ နာဂစ်တုန်းက။ အဲဒါက အုန်းပင်ပိလို့ သေတာ။

အဲဒီတော့ သူတို့က ဒီတောရှိလို့ သူတို့ အသက်ချမ်းသာတယ်ဆိုပြီး အရမ်း ကျနော်တို့ကို ကျေးဇူးတင်တယ်။ အဲတော့ ဘေးပတ်ဝန်းကျင်က တောမရှိတဲ့ ရွာတွေက စာလာတယ်။ ကျနော့်ဆီကို နောက်တခါ နာဂစ်လာရင် မသက်သာဘူးတဲ့။ ကျနော်တို့ဆီကိုလည်း သစ်ပင်တွေ စိုက်ပေးပါဆိုပြီး လာကြတယ်။ အဲဒါ အသိပညာပေါ့။

ဟိုတဖက်မှာက ကဒုံကနိ ကြိုးဝိုင်းရှိတယ်၊ ဘိုကလေးမြို့နယ်။ ကျနော် ပြောတာက ဖျာပုံခရိုင် ဖျာပုံမြို့နယ်၊ ဘိုကလေးဆိုတဲ့ မြောင်းမြခရိုင်ထဲမှာ ရှိတဲ့ ရွာတွေကတော့ စိုက်ပြီးသား ဒီရေတောတွေကို ခုတ်ပြီးတော့ လယ်တွေ စိုက်တယ်။ လယ်တွေစိုက်တော့ နာဂစ်ဖြစ်တော့ အဲဒီက လူတွေက သောင်းနဲ့ သိန်းနဲ့ချီပြီး သေတယ်။ သူတို့တွေက မိန်းမလှကျွန်းက တောတွေခံတော့ မိန်းမလှကျွန်းက ဒီရေတောတွေနဲ့ ငြိပြီး တချို့လည်း အသက်ချမ်းသာတယ်။ တချို့လည်း သေကြတယ်။ အဲဒါတော့ Very Good Awareness ပေါ့။

အဲဒါတော့ တကယ့်ကို Very Build Up Issues ပေါ့။ အဲဒီနေရာတွေကို ကျနော်တို့ တည်ငြိမ်မှုရှိအောင် လုပ်ပြီးတော့ သစ်ပင်စိုက်ဖို့။ နောက် ကိုယ်တိုင်လည်း သစ်ပင်စိုက်နေတယ်။ ဗြုန်းမွေးကျွန်းမှာ။ နောက် သက်ဆိုင်ရာ ဝန်ကြီးဌာနကလည်း ---။ မိန်းမလှကျွန်းက ဧက ၃၄၀၀၀ ရှိတယ်။ ကျနော် စိုက်တဲ့ကျွန်းလေးက ဧက ၃၀၀၀ ပဲ ရှိတာ။ ဧက ၁၀၀- ၂၀၀ လောက်ပဲ စိုက်နိုင်တယ်။ အခု ဧရာမ ကျွန်းကြီးကို စိုက်ဖို့ ခွင့်တောင်းနေတယ်။

နောက်ပိုင်းရော ဘာတွေ ဆက်လုပ်ဖို့ ရှိပါသလဲ။

သစ်ပင်တွေ စိုက်မယ်။ နောက် ဆိုင်ကလုန်း Shelter အသေးတွေ ဆောက်မယ်။ နောက် ဝန်ထမ်းတွေကိုလည်း လိုအပ်တဲ့ မော်တော်ဘုတ်လိုမျိုးတွေ လိုအပ်တဲ့ အကူအညီတွေရအောင် လုပ်ပေးမယ်။ ဘေးပတ်ဝန်းကျင် ရွာတွေကိုလည်း သူတို့ရဲ့ စားဝတ်နေရေး ပြေလည်အောင် Agro Forestry တို့၊ ပျားမွေးမြူရေးတို့ လယ်တွေ ပြန်စိုက်လို့ရအောင် မျိုးကောင်းမျိုးသန့်တွေ ရဖို့တို့၊ နောက် ပညာရေး၊ ကျန်းမာရေး အားလုံး ပါတယ်။ အဲဒီ Project ကတော့ EU (ဥရောပ သမဂ္ဂ) ကို တင်ထားတယ်။ အဲဒါကတော့ ရှေ့လလောက်၊ မေလကုန်လောက် ဖြစ်မယ် ထင်တယ်။ အဲဒါဖြစ်ရင် ဧရာမ Project ဖြစ်မယ်။ ယူရို ရ၅ဝ,ဝဝဝ လောက် သုံးမယ်။ အဲဒါကို ကျနော် ကိုယ်တိုင် ဦးဆောင်ပြီး လုပ်မယ်။ အဲဒါ လက်ရှိ အခြေအနေအရ တိုးတက်လာတဲ့ သဘောပါပဲ။

လက်ရှိ ဘာတွေ ဆက်လက်လုပ်ဆောင် နေပါသလဲ။

လောလောဆယ်တော့ သစ်ပင်တွေ အရမ်းပြန်စိုက်နေရတယ်။ သဘာဝတောကိုလည်း ပြုပြင်တယ်။ အသစ်တွေလည်း စိုက်တယ်။ ဒါကတော့ လောလောဆယ် မဖြစ်မနေ လုပ်ရတဲ့ ကိစ္စပါ။ အဲဒါ အရင်ကလည်း လုပ်ခဲ့တယ်။ ကျနော်တို့ ဂျပန်နဲ့ နောက်ထပ် ၅ နှစ်စာချုပ် ထပ်ချုပ်တယ်။၂၀၀၉ ကနေ ၂၀၁၃ အထိ။ နောက်ထပ် သက်တမ်း တော်တော်များများ ဟက်တာ ၇၅၀ ဆိုတော့ ၂ ဒဿမ ၅ နဲ့ မြှောက်ရင် ဧက ၂၀၀၀ နီးပါး ရှိမှာပေါ့။ အဲဒါကို ဆက်လုပ်ဖို့ စာချုပ်ချုပ်ပြီးပြီ။ ဧက ၁ဝဝ စိုက်ဖို့အတွက် အနည်းဆုံး ဒေါ်လာ ၁၀၀၀၀ လောက် ကုန်တယ်။

နာဂစ်ဖြစ်တော့ မိန်းမလှကျွန်း ပျက်စီးသွားတာကြားတော့ ဆရာ မေ့လဲသွားတယ်ဆို။

နာဂစ်ဖြစ်တော့ ကျနော် ရုံးပေါ်ကို လျပ်စစ်မီး မရဘဲ တက်လိုက်တာ။ ကျနော် လျှော့ဖြစ်ပြီး လဲတာ။ တော်လို့ မသေတာ။ စာရေးမလေးသာ မတွေ့ရင် ကျနော် သေတယ်။ ၁ ရက်၊ ၂ ရက်လောက် ကျနော် ဆေးရုံ တက်လိုက်ရတယ်။ အဲဒါကို ကျနော်က ဝန်ကြီးကို စာရေးတယ်။ ကျနော် အသက် ၈၂ နှစ် ရှိပါပြီ။ သေခါနီးပါပြီ။ မိန်းမလှကျွန်းကြီး ကျတော့လည်း ကျနော်တယောက်တည်း မတတ်နိုင်ပါဘူး။ နိုင်ငံခြား အဖွဲ့အစည်းတွေနဲ့ ပေါင်းလုပ်ချင်ပါတယ်၊ ခွင့်ပြုပါဆိုတော့ ခွင့်ပြုပါတယ်တဲ့။

လက်ရှိ နာဂစ် ဧရိယာမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိန်းရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေ ဘယ်လောက်များ ရှိပါသလဲ။

အများကြီး ရှိပါတယ်။ ကျနော်တို့ ဘန်ဂလာ ဆိုတာ ရှိတယ်။ နောက် FORM ဆိုတာရှိတယ်။ နောက် ACDCI ဆိုတာ ရှိတယ်။ ECO Dev ဆိုတာ ရှိတယ်။ အတော်များများ ရှိပါတယ်။

အထောက်အပံ့ ရရှိတဲ့ အနေအထား အပေါ်မှာရော လုံလောက်တယ်လို့ ဆိုနိုင်ပါသလား။

အထောက်အပံ့ကတော့ လုံလောက်တယ်လို့ ပြောလို့တော့ မရပါဘူး။ လုပ်စရာတွေ အများကြီး ရှိပါတယ်။ ကျနော်ဆို မိန်းမလှကျွန်း ပြန်လည် ထူထောင်ဖို့ ၅ နှစ်၊ ၁၀ နှစ် ကြာမယ်။ သူတို့က ၃ နှစ်ပဲ ထောက်ပံ့မယ်တဲ့။ ၃ နှစ်ပြည့်တဲ့ နောက်တော့ ငွေကြေးအခြေအနေ ကြည့်ပြီးတော့ ထပ်ပေးပါ့မယ်တဲ့။ နာဂစ်ပြီးတဲ့ နောက်မှာတော့ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ လုပ်စရာတွေ အများကြီးပေါ့။ သဘာဝပတ်ဝန်းကျင်ဆိုတာ သစ်ပင်စိုက်တာ တခုထဲ မဟုတ်ဘူး။ ဒါကလည်း One of the major activity (အဓိကကျတဲ့ လှုပ်ရှားမှုထဲက တခု) ပဲ။ စွန့်ပစ်ပစ္စည်းတွေကို အသစ်ပြန်လည် ထုတ်လုပ်သုံးစွဲရေးတို့၊ အမှိုက်သရိုက်တို့၊ ရေထုညစ်ညမ်းမှုတို့၊ လေထုညစ်ညမ်းမှုတို့ အများကြီးပါ။ လူတွေရဲ့ စားဝတ်နေရေး ပြေလည်ဖို့ကလည်း သဘာဝ ပတ်ဝန်းကျင် သုံးစွဲမှုထဲမှာ ပါပါတယ်။ လူတွေကတော့ စားဝတ်နေရေး လုံလုံလောက်လောက် မရှိရင် တရားဝင်ဖြစ်ဖြစ်၊ တရားမဝင်ဖြစ်ဖြစ် ခုတ်ကြမှာပဲ။ လုပ်စရာတွေက အများကြီးပါ။ အကူအညီပေးတဲ့ နိုင်ငံတွေကို ကျေးဇူးတင်ပါတယ်။

ဆိုင်ကလုန်း Shelter ၅ လုံးဆောက်ဖို့ အဆိုပြုတယ်။ ၃ လုံးပဲ ဆောက်ဖို့ အဆိုပြုတယ်။ နောက် လိုရင် ထပ်ဖြည့်ပေးပါ့မယ်တဲ့။ တလုံးကို ဒေါ်လာ သိန်းနဲ့ချီပြီး ကုန်တယ်။ အဲဒီတော့ လောက်တယ်ဆိုတာ မရှိဘူး။ အဲဒီတော့ ဆိုင်ကလုန်း Shelter ရော၊ ကုန်းမြင့်ရော၊ နောက်တခါ နာဂစ်ဖြစ်ရင် မပြောကောင်း ပြောကောင်း လူ ၂ ဆလောက် သေမယ်လို့ ယူဆတယ်။

အဲဒီတော့ လူ ၂ ဆ မဟုတ်ဘူး၊ တဝက် သို့မဟုတ် ၁ဝ ပုံ ၁ ပုံ လောက်ပဲ သေအောင်ဆိုပြီးတော့ ဆိုင်ကလုန်း Shelter တွေ လိုတယ်။ ကုန်းမြင့်ဒေသတွေ လိုတယ်။ တောတွေကလည်း စိုက်ချင်တိုင်း မြန်မြန်ကြီးတာ မဟုတ်တော့။ အဲဒီတော့ အဲဒါတွေ လုပ်မယ်ဆိုတော့ ပေးစမ်းပါ ဒေါ်လာသိန်းချီပြီး၊ ကျနော်တို့ ကျကျနန သုံးပါမယ်။ အဓိပ္ပာယ်ရှိရှိ အစီရင်ခံပေးပါ့မယ်။

No comments: