Saturday, May 2, 2009
နာဂစ်နှစ်လည် မေးခွန်း
မင်းနိုင်သူ
မြစ်ဝကျွန်းပေါ်နေ ပြည်သူလူထု၏ အသက်အိုး အိမ်စည်း စိမ် တို့ကို နာဂစ်မုန်တိုင်း ဆွဲငင်ချေမွ သွားခဲ့သည်မှာ တနှစ်ပြည့် တော့မည်။
၂၀၀၈ ခုနှစ် မေ (၂) တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူပေါင်းတသိန်းခွဲနီးပါး သေဆုံးခဲ့ကြရပြီး လူဦးရေ (၂) သန်းကျော် အိုးအိမ်မဲ့ခဲ့ကြရသည်။
ဒေသခံ လူထု၏ ပရိယေသန ၀မ်းစာအတွက် အတူတွဲဖက် ရုန်းကန် ခဲ့ကြရသည့် ကျွဲနွား တိရိစ္ဆာန်များ သိန်းနှင့်ချီ ပျက်စီး ခဲ့ကြရကာ လယ် ယာမြေဧကများစွာလည်း ဆားငန်ရေ လွှမ်းမိုး ခြင်းခံခဲ့ ရသည်။
မြန်မာနိုင်ငံကို နာဂစ်ဝင်ရောက်မွှေနှောက်သွားပြီဆိုသော သတင်းပေါ်ထွက်လာပြီး သိပ်မကြာ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ ရောက်ရှိလာကြသည်။
သို့သော် ၎င်းတို့အနေဖြင့် အိမ်နီးချင်းထိုင်းနိုင်ငံတွင်သာ သောင်တင်နေခဲ့ကြရသည်။ ကူညီကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်လာသော အမေရိကန်စစ်သင်္ဘောများသည်လည်း နိုင်ငံတကာရေပိုင်နက်အတွင်းတွင်သာ စောင့်မျှော်နေခဲ့ကြရသည်။
နိုင်ငံတကာကို သံသယမျက်လုံးဖြင့်ကြည့်ကာ မိမိတို့ အာဏာတည်မြဲရေးကိုသာ အဓိကထားသည့် နအဖစစ်အစိုးရက ၎င်းတို့ကို ပြည်ဝင်ခွင့်မပေးခဲ့။
နအဖစစ်အစိုးရထုတ် သတင်းစာများကလည်း နာဂစ်ဒဏ်ခံလူထုအား ချောင်းကြားမြောင်းကြားမှ ငါးဖားနှင့် ကန်စွန်းရွက်၊ ကနဖော့တို့ကို စားခြင်းဖြင့် အသက်ရှင်နိုင်သည့် လူမျိုးများဖြစ်ကြောင်း၊ နိုင်ငံတကာအကူအညီရမှ အသက်ရှင်နိုင်မည့်လူများ မဟုတ်ကြောင်းဖြင့် ဒေသခံလူထုကို အနုနည်းဖြင့်သတ်မည့် ဆောင်းပါးများ ရေးသားဖော်ပြခဲ့ကြသည်။
နောက်ဆုံး မေလ (၂၂) ရက်တွင် ဥရောပပါလီမန်က နအဖအနေဖြင့် နိုင်ငံတကာအကူအညီပေးရေးများကို ဆက်လက် ဟန့်တားနေပါက မြန်မာစစ်ခေါင်းဆောင်များကို သည်ဟိတ်ဒ်မြို့ရှိ နိုင်ငံတကာရာဇ၀တ်ခုံရုံးတင်ရန် တောင်းဆိုရသည်အထိ ဖြစ်ခဲ့သည်။
နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များအနေဖြင့် ၂၀၀၈ ခုနှစ် ဇွန်လအတွင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက်ပြီးမှသာလျှင် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည်။
နအဖစစ်အစိုးရကား နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များကိုသာ အနှောင့်အယှက်ပေးသည်မဟုတ်။ ပြည်တွင်း လေဘေးကူညီရေးအဖွဲ့များထဲမှ လူ (၂၀) ကျော်ကိုလည်း ၂၀၀၈ ခုနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထိုအထဲမှ ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့အပါအ၀င် (၆) ဦးကို နိုဝင်ဘာလအတွင်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
နာဂစ်ကြောင့် ပြည်သူလူထု ဒုက္ခရောက်နေစဉ်မှာပင် နအဖစစ်အစိုးရက ၎င်းတို့ အာဏာတည်မြဲရေးကို အထောက်အကူဖြစ်စေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို မေ (၁၂) ရက်တွင် မပျက်မကွက် လုပ်ဆောင်ခဲ့ပြန်သည်။
တုံးအောက်က ဖားများ ဖြစ်နေရုံသာမက နာဂစ်သတင်းကြောင့် စိတ်ဓာတ်များ ချောက်ချားနေကြသော နိုင်ငံအ၀ှမ်းမှ လူထုကား ထိုဆန္ဒခံယူပွဲကို စိတ်မ၀င်စား။ သို့ဖြင့် နအဖစစ်အစိုးရက ၎င်းတို့အလိုကျရေးဆွဲထားသော ဖွဲ့စည်းပုံကို (၉၂.၄၈) ရာခိုင်နှုန်းထောက်ခံသည် ဆိုသော ရလဒ် ပေါ်ထွက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
နာဂစ်ဒဏ်ခံလူထုမှာမူ ယခုတိုင် သောက်သုံးရေပင် မဖူလုံသေးသည့် အခြေအနေကို ရင်ဆိုင်နေကြရဆဲဖြစ်သည်။ အိုးအိမ်မဲ့နှင့် အလုပ်အကိုင်မဲ့သူ များစွာရှိနေဆဲ။
ပြည်တွင်းဂျာနယ်တခုက ကုလသမဂ္ဂလူသားချင်းဆိုင်ရာ (ရန်ကုန်) ယာယီတာဝန်ခံ ဒေးဗစ်အီဗန်ကို ကိုးကား ရေးသားထားသော သတင်းတပုဒ်တွင် ယခုအချိန်အထိ လုံခြုံစိတ်ချရသော နေအိမ်လိုအပ်နေသည့် အိမ်ထောင်စုပေါင်း (၁) သိန်း (၃) သောင်းကျော် ရှိနေဆဲဟုဆိုသည်။ လူဦးရေဖြင့်ဆိုလျှင် လူပေါင်း (၅) သိန်းခန့် ခိုလှုံရာ အိုးအိမ်မဲ့နေသည့် အခြေအနေဖြစ်သည်။
ထိုအခြေအနေများမှ လွန်မြောက်ရန် ပြန်လည်ထူထောင်ရေးကာလ (၃) နှစ်အထိ လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုလုပ်ငန်းများကို လုပ်ဆောင်ရန် ကန်ဒေါ်လာသန်း (၇၀၀) နီးပါး အကူအညီလိုအပ်နေကြောင်း သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) က ဖေဖော်ဝါရီ (၉) ရက် ဘန်ကောက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြော ကြားခဲ့ပြီး ဖြစ်သည်။
အကယ်စင်စစ်လည်း ထိုမျှလောက် အကူအညီပေးနိုင်ပါမှ ထိုဒေသ နာလန်ထမည်ဖြစ်သည်။
နာဂစ်ဒဏ်ထိ မြစ်ဝကျွန်းပေါ်ဒေသသည် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး များစွာနိမ့်ပါးနေသည်ကို နာဂစ်ဖြစ်ပြီးစ လေဘေးကူညီရေးအဖွဲ့များနှင့်အတူ သွားရောက်စဉ်က ကိုယ်တွေ့မျက်မြင်ကြားသိခဲ့ရသည်။
သတင်းအချက်အလက် ရယူရန် ရေဒီယိုတလုံးပင် မရှိသော အိမ်ထောင်စုများ အများသား။ ရှိသောသူများကလည်း ထမင်းနပ်မှန်ဖို့အရေး ကိုယ့်အလုပ်ကိုယ်လုပ်နေရတာနှင့် နားမထောင်အားဟု ပြန်ပြောင်းပြောဆိုကြသည်။
သို့နှင့် ဒေသခံ အတော်များများသည် နာဂစ်မုန်တိုင်းရှိနေကြောင်းကိုပင် မသိခဲ့ကြ။ သိခဲ့ကြသူအချို့ကြပြန် တော့လည်း လွတ်မြောက်ရာ ရပ်ဝန်းဆီသို့ လွယ်လင့်တကူသွားရောက် ခိုလှုံနိုင်မည့် လမ်းပန်းဆက်သွယ်ရေးနှင့် ယာဉ်ရထားတို့ မရှိ။ ထို့ကြောင့်ပင် နာဂစ်အတွင်း အသေအပျောက် အပျက်အစီး များခဲ့ရသည်။
လူထု ထိုကဲ့သို့ဖြစ်ရသည်မှာ စစ်အစိုးရကြောင့်ဟု ဆိုလျှင် မလွန်။ စစ်အစိုးရ၏ နှစ် (၄၀) ကျော် သက်တမ်း တလျှောက် ပညာရေး၊ ကျန်းမာရေးတို့အတွက် အသုံးစရိတ်က နည်းနေသည်။ ထိုကဲ့သို့ နည်းခဲ့သည့် အတွက်လည်း လူထုမှာ သတင်းအချက်အလက်ရယူရန် အသိပညာ၊ အတတ်ပညာ မဖူလုံခဲ့။ စီးပွားရေးလည်း ချွတ်ခြုံကျခဲ့ကြရသည်။
အမေရိကန်အောက်လွှတ်တော်တွင် ဧပြီ (၂၃) ရက်က ပြုလုပ်ခဲ့သော လူ့အခွင့်အရေးကော်မရှင် လူထုကြားနာပွဲ၌ လည်း စီးပွားရေးကျွမ်းကျင်သူများက ထိုအချက်ကို ထောက်ပြပြောဆိုခဲ့ကြသည်။
ထိုကြားနာပွဲတွင် မြန်မာ့စီးပွားရေးကို အနီးကပ်စောင့်ကြည့်လေ့လာနေသော သြစတြေးလျနိုင်ငံ မစ်ကွာရီ တက္ကသိုလ် (Macquarie University) မှ စီးပွားရေးပါမောက္ခ ဒေါက်တာ ရှောင် တာနယ်လ် (Dr. Sean Turnell) က မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ပြဿနာများသည် အင်မတန် စိုးရိမ်ဖွယ် ကောင်းနေကြောင်း၊ ပြဿနာများနှင့် ပတ်သက်ပြီး အုပ်ချုပ်သော အစိုးရအပေါ်မှာ အများကြီး တာဝန်ရှိနေကြောင်း ပြောဆိုခဲ့သည်။
ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုး၏ (၁.၄) ရာခိုင်နှုန်းကိုသာ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများမှာ စစ်အစိုးရက သုံးစွဲခဲ့ကြောင်းကိုလည်း ထောက်ပြသည်။ အာရှဒေသအတွင်းတွင်လည်း ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်ထက် စစ်အသုံးစရိတ်ပိုနေတဲ့ တခုတည်းသော နိုင်ငံဖြစ်သည်ဟုလည်း ဆိုသည်။
ထိုကြောင့်လည်း နိုင်ငံအတွင်း လူထုပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး ကျဆင်းနေခဲ့ရကာ နာဂစ်ဘေးဒဏ် ကိုလည်း လည်စင်းခံခဲ့ကြရခြင်းဖြစ်သည်။
နာဂစ်မှာ သဘာဝဘေးအန္တရာယ်ဖြစ်သဖြင့် ရှောင်လွှဲ၍ မရနိုင်။ သို့သော် ဒေသခံလူထုကိုသာ အသိပညာ၊ အတတ်ပညာများ ပိုမိုဖြန့်ဝေပေးထားနိုင်ခဲ့လျှင်၊ လူထုစီးပွားပိုမိုဖွံ့ဖြိုးပြီး သတင်းအချက်အလက်ရယူရန် ပစ္စည်း (တီဗီ၊ ရေဒီယို၊ သတင်းစာ) များကိုသာ ပိုမိုသုံးစွဲနိုင်ခဲ့လျှင်၊ တနေရာမှ တနေရာသို့ ရွှေ့ပြောင်းသွားလာနိုင်ရန် ယာဉ်ရထားနှင့် လမ်းပန်းဆက်သွယ်ရေးတို့ ကောင်းမွန်အောင် ဖန်တီးပေးခဲ့ပါလျှင် ယခုလောက် ပျက်စီးဆုံးရှုံးမှု များနိုင်ပါမည်လား ဆိုသည်ကို နှစ်ပေါင်းလေးဆယ်ကျော် အုပ်ချုပ်လာခဲ့သော စစ်အစိုးရကို နာဂစ်ကြောင့် ပျက်စီးခဲ့ရသူများကိုယ်စား မေးခွန်းထုတ်ရပါလိမ့်မည်။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment