Sunday, March 29, 2015

ဟိုတယ်လုပ်ငန်း နှစ်ခုနှင့် ပြည်တွင်းပြည်ပလုပ်ငန်း ၁၆ ခုကို ရင်းနှီးမြှုပ်နှံရန် ခွင့်ပြု

သီဟကိုကို

ဟိုတယ်လုပ်ငန်း နှစ်ခုနှင့် ပြည်တွင်း၊ ပြည်ပလုပ်ငန်း ၁၆ ခုကို ရင်းနှီးမြှုပ်နှံရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ မတ် ၂၀ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးက ခွင့်ပြုခဲ့သည်။

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာရှိ မြေ ၅ ဒသမ ၈ ဧကတွင် နိုင်ငံသား ရင်းနှီး မြှုပ်နှံမှုဖြင့် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ရန် Asia Green Travels & Tours ကုမ္ပဏီကို ခွင့်ပြုခဲ့ပြီး အဆိုပါ ကုမ္ပဏီကို မိုင်းသောက်ကျေးရွာ၊ မြေ ၄ ဒသမ ၁၁ ဧကတွင် နိုင်ငံတကာအဆင့်မီ ဟိုတယ်လုပ်ငန်း လုပ်ကိုင်နိုင်ရေးအတွက်လည်း ခွင့်ပြုခဲ့သည်။

ကရင်ပြည်နယ်၊ မြဝတီကုန်သွယ်ရေးဇုန် အနီးရှိ ဧရိယာ ၂၀၁ ဧက တွင် မြဝတီစီးပွားရေး တည် ဆောက်ရေးလုပ်ငန်း လုပ်ကိုင်နိုင်ရေးအတွက် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် Nyi Naung Oo ကုမ္ပဏီကို ခွင့်ပြုခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့် Myanmar Japan Rice Industry ကုမ္ပဏီကို ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုခဲ့ပြီး Lluvia ကုမ္ပဏီကို အသင့်ဖျော် ကော်ဖီ၊ လက်ဖက်ရည်၊ နို့မှုန့်များ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းနှင့် ဂျုံကြိတ်ခွဲ ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းတို့ကို ခွင့်ပြုချက် ပေးခဲ့သည်။

ထို့ပြင် ဒဂုံတောင်စက်မှုဇုန်တွင် Mitron MM ကုမ္ပဏီကို ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့် စီဒီ၊ ဒီဗီဒီ ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း၊ ရွှေလင်ဗန်း စက်မှုဇုန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် Spirolite (Myanmar) ကုမ္ပဏီကို ပေါ်လီအီသလင်း ပိုက်၊ တိုင်ကီများ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းနှင့် Green Land ကုမ္ပဏီကို ဂျုံကြိတ်ခွဲ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို ဖက်စပ်ရင်းနှီး မြှုပ်နှံမှုဖြင့် လုပ်ကိုင်ရန် ခွင့်ပြုခဲ့သည်။

ပဲခူးတိုင်းဒေသကြီးတွင် Chen's Myanmar ကုမ္ပဏီကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် CMP စနစ် ဖိနပ် ထုတ်လုပ်ခြင်းလုပ်ငန်း၊ Shinsung Tongsang ကုမ္ပဏီကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် CMP စနစ် အထည် ချုပ်လုပ်ငန်း တို့ကိုခွင့်ပြုခဲ့ပြီး Ono ကုမ္ပဏီကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် CMP စနစ် ပိုက်ဆံအိတ် အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်းကို ခွင့်ပြုခဲ့သည်။

မုတ္တမကမ်းလွန်နှင့် တနင်္သာရီ ကမ်းလွန်ရှိ ရေနံနှင့် ဓာတ်ငွေ့လုပ်ကွက် ခြောက်ခုတွင်လည်း ရင်းနှီးမြှုပ်နှံရန် နိုင်ငံခြားကုမ္ပဏီ အုပ်စု လေးခုကို ခွင့်ပြုခဲ့သည်။

No comments: