Thursday, January 29, 2015

NCCT မှ အပစ်ရပ်ရန် မဖြစ်နိုင်သေးဟု ဆိုသည့် ပြည်ထောင်စု နေ့တွင် အပစ်ရပ် လက်မှတ် ထိုးရန် မွန်ပြည်နယ်၌ ဆန္ဒပြ တောင်းဆို

ရွှေဟင်္သာ

နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တို့အကြား တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးအား လာမည့် ဖေဖော်ဝါရီလ (၁၂) ရက်နေ့၌ လက်မှတ် ထိုးနိုင်ရေး ဖိအား ပေးသည့် ဆန္ဒပြပွဲ တစ်ခုအား ယနေ့ ဇန်နဝါရီလ (၂၇) ရက်နေ့၌ မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ကမာဝက် မြို့တွင် ကျင်းပ ခဲ့ကြောင်း ဆန္ဒပြ အဖွဲ့မှ ခေါင်းဆောင် တစ်ဦး ဖြစ်သူ မင်းထွန်းသောင်းက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

အခုလို ဆန္ဒပြရတဲ့ အကြောင်းရင်း၊ အဓိက ရည်ရွယ်ချက်က ကျနော်တို့ ဒီမှာ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး အတွက်ဘဲ ၊ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး အတွက် နှစ်ဦး နှစ်ဘက် ပေါ့လေ လက်မှတ် ရေးထိုးဖို့ အဓိကပဲ” ဟု မင်းထွန်းသောင်းက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

ထိုဆန္ဒ ပြပွဲသည် ကနဦး၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးဆောင်၍ ကျင်းပ ခဲ့သည်ဟု သတင်းများ ထွက်ပေါ် နေခဲ့ သော်လည်း ၎င်းအား မွန်ပြည်နယ် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးသန့်ဇင်က မဟုတ်ကြောင်း ငြင်းဆို သွားခဲ့သည်။

“ဘယ်အဖွဲ့က လုပ်တာ ဆိုတာတော့ ကျွန်တော်တို့ မသိ ဘူးလေ။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုး လုပ်တာတော့ မဟုတ်ဘူး။ ကျွန်တော်ဆို သိတောင် မသိဘူး” ဟု ဦးသန့်ဇင်က ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပြည်ထောင်စု နေ့၌ အပစ်ရပ် လက်မှတ် ရေးထိုးရန် ဖိအားပေးသည့် ယခု ဆန္ဒပြပွဲသည် ရွာသူ ရွာသား များမှ ဦးဆောင်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း ဆန္ဒပြ ခေါင်းဆောင်း မင်းထွန်းသောင်းက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

သို့သော်လည်း ၎င်းသည် မဟုတ် မှန်ကြောင်း ကမာဝက် မြို့ခံ တစ်ဦးမှ ပြောကာ နိုင်ငံရေး ပါတီ တစ်ခုခု၏ ကြိုးကိုင် လှုပ်ရှားမှုသာ ဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

“ဒီဆန္ဒပြပွဲက ကျွန်တော်တို့ ရွာသားတွေ လုပ်တာ မဟုတ်ဘူး။ ကျွန်တော်တို့ ရွာခံတွေ သိလဲ မသိဘူး။ ဆန္ဒပြမယ်လို့ ကြားလဲ မကြား မိဘူး။ ဒီဆန္ဒပြပွဲမှာ မျက်နှာစိမ်း တွေကိုဘဲ တွေ့ရတယ်။ မုဒုံ ချောင်းနှစ်ခွ ကားတွေနဲ့ လာကြတယ် ဆိုတော့ ကျွန်တော်တို့ ကမာဝက်က လူတွေ သိပ်မပါဘူး။ အလံကိုင်တဲ့ သူတွေ ကတော့ ပြည်ခိုင်ဖြိုးက လူတွေဘဲ။ ပြီးတော့ ကျောင်းသား တွေကိုလဲ ခေါ်သုံး ထားတယ်” ဟု အဆိုပါ ကမာဝက် မြို့ခံက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

မွန်အမျိုးသား ဝတ်စုံများ ဝတ်ဆင်ထားသည့် လူအင်အား (၂၀၀) ပါရှိသည့် အဆိုပါ ဆန္ဒပြ လူစုသည် “ပြည်ထောင်စုနေ့ အမှတ်တရ အပစ်ရပ်စဲကြ ပြည်သူ့ဆန္ဒ” ဆိုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်က ကမာဝက် မြို့တွင်း၌ ငြိမ်းချမ်း စွာဖြင့် စီတန်း လှည့်လည်၍ ဆန္ဒပြ ခဲ့သည်။

ထို့ပြင် ယနေ့ ၌လည်း မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်မှ ကမာဝက်မြို့ ခြင်္သေ့ကျောင်း ဆရာတော်၏ မွေးနေ့ အခမ်းအနားအား လာရောက် ရာမှ ဆန္ဒပြ ခေါင်းဆောင်များနှင့် တွေ့ဆုံ သွားခဲ့ကျောင်း ဒေသခံ ကျောင်းဆရာ တဦးမှလည်း ရွှေဟင်္သာ သတင်း ဌာနအား ပြောဆိုပါသည်။

ယခု ပြုလုပ်သွားခဲ့သည့် ဆန္ဒပြပွဲသည် မွန်ပြည်နယ် အတွင်း၌ ပြုလုပ် ခဲ့သည့် တပြည်လုံး အပစ်ရပ် ရေးအတွက် ဖိအားပေး ဆန္ဒပြမှု ဆိုသော်လည်း ၎င်းမှာ မွန်တမျိုးသားလုံး၏ သဘောထား များအား ကိုယ်စားပြုခြင်း မဟုတ်ကြောင်း မွန်အမျိုးသား ပါတီ ဒုတိယ ဥက္ကဌ နိုင်တင်အောင်က ပြောသည်။

“ဒီနေ့ ကမာဝက်မှာ ပြတဲ့ ဆန္ဒပြပွဲဟာ လူတဖွဲ့ လောက်က သူတို့ လိုချင်တဲ့ သဘောထားကို တင်ပြတာ ဖြစ်တယ်။ဒါပေမယ့် အများစုက အဲဒီလို မဟုတ် ဘူးဗျ။ ဆက်စပ်မှုတခု မော်လမြိုင်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး ဖိုရမ်ကို တက်ရောက် နေတဲ့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာ ရောက်တဲ့ အချိန်နဲ့လဲ ချိန်ကိုက် ဖြစ်နေတဲ့ အတွက် ဒါဟာ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး လက်မှတ် ထိုးဖို့ မွန်ပြည်သစ် ပါတီကို ဖိအားပေးတဲ့ သဘောရှိတယ်” ဟု နိုင်တင်အောင်က သုံးသပ် ပြောကြားသည်။

မြန်မာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တို့အကြား ဆွေးနွေးနေဆဲ ဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်၏ တပြည်လုံး အပစ် အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရန် မွန်ပြည်နယ်မှ ပထမဦးဆုံး တောင်းဆို ဆန္ဒပြ ခြင်းလည်း ဖြစ်သည်။

No comments: