Friday, January 30, 2015

ဒဂုံ-ဧရာပွဲရုံနှင့် မြို့နယ် ငါးမြို့နယ်ရှိ စည်ပင်ပိုင် မြေကွက်များ လေလံစနစ်ဖြင့် ရောင်းမည်

သီဟကိုကို

လှိုင်သာယာမြို့နယ်ရှိ ဒဂုံ-ဧရာပွဲရုံနှင့် အဝေးပြေး ယာဉ်ရပ်နားစခန်းမှ မြေကွက်များ အပါအဝင် မြို့နယ် ငါးမြို့နယ်ရှိ စည်ပင်ပိုင် မြေကွက်များကို လေလံစနစ်ဖြင့် ဖေဖော်ဝါရီ ၁၃ ရက်တွင် ရောင်းချပေးမည်ဟု ဇန်နဝါရီ ၂၆ ရက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြေညာထားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒဂုံ-ဧရာပွဲရုံနှင့် အဝေးပြေး ယာဉ်ရပ်နား စခန်းမှ ပေ (၄ဝx၆ဝ)ပွဲရုံ မြေကွက်များ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ သာကေတမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ရှိ မြေကွက်များကို ရောင်းချသွားမည် ဖြစ်သည်။

အဆိုပါမြေကွက်များကို ဝယ်ယူခွင့်ပြုရရှိရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ လျှောက်လွှာ တင်သွင်းရမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက် နောက်ဆုံးထား တင်ပြရမည်ဖြစ်ကာ ဖေဖော်ဝါရီ ၁၃ ရက်၌ လေလံတင်ရောင်းချမည် ဖြစ်သည်။

လေလံစည်းကမ်းချက်များအရ ဝယ်ယူခွင့်ရရှိသူ၏ အမည်ဖြင့် မြေချပါမစ်ကို ၂၅ နှစ်သက်တမ်း မြေငှားဂရန် ထုတ်ပေးမည်ဖြစ်ပြီး မြေကွက်ဝယ်ယူပြီး ခြံစည်းရိုးကာရံရမည့်ကာလ၊ ပွဲရုံအဆောက်အအုံတည်ဆောက် ရန်ကာလတို့ကို စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ပေးသွားမည် ဖြစ်သည်။

အဆောက်အအုံများကို အမြင့်ပေ ၅ဝ ထက်မပိုသည့် လေးထပ်အထိသာ ဆောက်လုပ်ရမည်ဖြစ်ပြီး စည်ပင်သာယာရေးကော်မတီ၏ ညွှန်ကြားချက်များအတိုင်းသာ ဆောင်ရွက်ရမည် ဖြစ်သည်။

ပွဲရုံဝင်းအတွင်း စက်သုံးဆီများ၊ ဓာတ်ငွေ့နှင့် ဓာတ်ငွေ့ရည်များ၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ သိုလှောင်ရောင်းချခြင်း၊ ရေလုပ်ငန်းနှင့် ဆက်စပ်သည့် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းများ၊ သားရည် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်း ခွင့်ပြုမည် မဟုတ်ဟု စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ထားသည်။

ဒဂုံ-ဧရာပွဲရုံ အကျယ်အဝန်းသည် မြေဧက ၉ဝ ကျော်ရှိကာ မြေကွက်ပေါင်း ၇ဝဝ ဝန်းကျင်သည်။ ဒဂုံ-ဧရာပွဲရုံသည် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံနှင့် ယာဉ်ရပ်နားစခန်းပြီးလျှင် ဒုတိယ ကုန်စည်လုပ်ငန်းများ အချက်အချာကျသည့် နေရာဖြစ်လာမည်ဟု စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်လျက်ရှိသည်။

No comments: