Friday, January 30, 2015

ဘားအံမြို့သို့ ပြည်တွင်း ခရီးသွားများ သွားရောက်မှု ပိုမိုများပြား

မိုးသူ

ကရင်ပြည်နယ်၊ ဘားအံမြို့သို့ ပြည်တွင်းခရီးသွားများ စိတ်ဝင်စားမှု များပြားလာပြီး ပိုမိုသွားရောက်လာသည်ဟု ပြည်တွင်း ခရီးသွား ကုမ္ပဏီများက ပြောသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့သည် ယခင်က အညို ရောင်နယ်မြေအဖြစ် သတ်မှတ်ခဲ့သောကြောင့် ခရီးသွားအများပြည်သူများ သွားလာလှုပ်ရှားမှု မရှိခဲ့သော်လည်း

၂ဝ၁၄ ခုနှစ် စက်တင်ဘာလ ဝန်းကျင်ခန့်တွင် ပြန်လည်သွားလာခွင့်ပေးခဲ့သည့်အတွက် ခရီးသွားပြည်သူ များစိတ်ဝင်စားခံရခြင်းဖြစ်သည်။

''ကရင်ပြည်နယ်ဘက်ကိုကျတော့ အရင်တုန်းကဘယ် Tour မှမသွားကြဘူး။ သူ့ကို အညိုရောင်နယ်မြေ ဆိုပြီးတော့ ခေါ်ဆိုကြတယ်။ ဒီနှစ်က ကိုးလပိုင်းက စပြီးတော့ Tour တိုင်းလိုလို ကရင်ပြည်နယ်ကို စတင်ပြီး တော့ထွက်ကြတာပါ။ ဒီခရီးစဉ်က ခရီးသွားတွေ ပိုပြီးတော့လည်း စိတ်ဝင်စားတယ်။ အဲဒီဘက်ကိုလိုက် ဖြစ်တာပိုပြီးများတယ်'' ဟု ခရီးသွား ကုမ္ပဏီ တစ်ခုဖြစ်သည့် Cupid Travel & Tole မှ မရတနာဦးက ပြောသည်။

ရွိုင်ရယ်ဂန္ဓမာ ခရီးသွား ကုမ္ပဏီကလည်း ကရင်ပြည်နယ် ဘားအံမြို့ရှိ ခရီးစဉ်နှင့် ပတ်သက်ပြီး ''ကျွန်တော်တို့ဆီမှာ ကျတော့ ဒီလမှစပြီးတော့ ကရင်ပြည်နယ် ခရီးစဉ်ကို စီစဉ်ဖြစ်တာပါ။ ဒီခရီးစဉ်က တခြားခရီးစဉ်တွေထက် ပိုပြီးစိတ်ဝင်စားတာ ခံရတယ်။ ဘာလို့လဲဆိုတော့ အဲဒီပြည်နယ်မှာရှိတဲ့ တောတောင် သဘာဝတွေက အရမ်းလှပပါတယ်'' ဟု ပြောသည်။

ကရင်ပြည်နယ်တွင် သဘာဝတောတောင်အလှ၊ ရွှေယဉ်မျှော်ဘုရား၊ ဖားပုတောင်ရှုခင်း၊ ကန်သာယာ၊ ကျောက်ကလပ်ဘုရား၊ ဇွဲကပင်တောင်ခြေရှိ လုမ္ဗိနီဥယျာဉ်၊ သဘာဝလှိုဏ်ဂူများဖြစ်သည့် ကော့ကသောင်ဂူ၊ ရသေ့ပျံဂူ၊ ကော့ဂွန်းဂူ၊ ဘုရင့်ညီဂူ၊ သထုံမှရွှေစာ ရံဘုရားစသည်နေရာတို့ကို လည်ပတ်နိုင်သည်။

ကရင်ပြည်နယ် ဘားအံခရီးစဉ်များကို ခရီးသွား ကုမ္ပဏီများသည် စနေ၊ တနင်္ဂနွေရုံး ပိတ်ရက်တွင် တစ်ရက် ခရီးစဉ်အဖြစ် ထွက်ရှိနေသည်။

No comments: