Friday, January 30, 2015

အရှိန်လွန်ပြီး ကားတစ်စီး ရေမြောင်းထဲထိုးကျ၊ ယာဉ်မောင်းသေဆုံး

ကျော်စိုးမိုး

အငှားယာဉ်တစ်စီး ရေမြောင်းအတွင်းသို့ ထိုးကျပြီး ယာဉ်မောင်းသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဇန်နဝါရီ ၂၄ ရက်၊ ညနေ ၅ နာရီခန့်က ထန်းတပင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ် လမ်းအတိုင်း ညောင်တုန်းဘက်မှ ထန်းတပင်ဘက်သို့ တောင်ဒဂုံမြို့နယ်နေ အသက် ၄၃ နှစ်အ ရွယ်ယာဉ်မောင်း ဦးဝင်းနိုင်မောင်းနှင်လာသည့် ကယ်ရီနားဗင်အငှားယာဉ် တစ်စီးသည် ပန်းတိုင်တံတားအနီး၊ မိုင်တိုင်အမှတ် ၁၇ အရောက်တွင် အရှိန်လွန်ပြီး ရေမြောင်းအတွင်းသို့ ထိုးကျခဲ့ခြင်း ဖြစ်သည်။

ထိုသို့ပြုတ်ကျခဲ့သဖြင့် ယာဉ်မောင်း ဦးဝင်းနိုင်၏ ရင်ဘတ်၊ နံစောင်း၊ နှာခေါင်းနှင့် ပါးစပ်တို့တွင် ဒဏ်ရာများ ရရှိခဲ့ပြီး လှိုင်သာယာ ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်တွင်လိုက်ပါ စီးနင်းလာသည့် အမျိုးသားတစ်ဦးမှာ ဖူးရောင်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ယာဉ်မောင်းကို တက်သစ်နယ်မြေ ရဲစခန်းက ယာဉ် (ပ) ၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၂၇၉ ဖြင့်အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။

No comments: