Friday, January 30, 2015

နိုင်ငံ့ဘဏ္ဍာဖြင့် ဆောင်ရွက်ခွင့်ရ လုပ်ငန်းများ သတ်မှတ် စံမီရေးအဆို ပြည်သူ့ လွှတ်တော်တွင် ကန့် ကွက်သူမရှိ အနိုင်ရ

စိုးသန်းလင်း

နိုင်ငံ့ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ခွင့်ရသည့် လုပ်ငန်းအသီးသီးသည် ခွင့်ပြု ဘဏ္ဍာငွေနှင့်အညီ သတ်မှတ်စံ ချိန်စံညွှန်းများ ကိုက်ညီပြီး လုပ်ငန်းအရည်အသွေးပြည့်မီ တိုးတက်လာစေရေးအတွက် လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်သည့် လုပ်ငန်းမူဘောင်များ ချမှတ်ကျင့်သုံး ဖော်ဆောင်သွားရန် တိုင်တွန်းကြောင်း မောက်မယ် မဲဆန္ဒနယ်အမတ် ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ အဆိုမှာ ပြည်သူ့လွှတ်တော်တွင် ကန့် ကွက်သူမရှိ အတည်ပြုနိုင်ခဲ့သည်။

''အစိုးရသစ်လက်ထက်မှာ ဆောက်လုပ်ရေးလုပ်ငန်းမျိုးတွေမှာ ရှေ့ကပြင်၊ နောက်ကပျက်ဆိုတဲ့ လမ်းမျိုးတွေ စေတနာ မပါဘဲလုပ်ထားတဲ့ အလုပ်မျိုးတွေ ဒီနေ့ခေတ်မှာ မရှိသင့်တော့ပါ။ တာဝန်ခံမှု တာဝန်ယူမှုတွေ ရှိဖို့လိုလာပါပြီ။ နိုင်ငံ့ဘဏ္ဍာနဲ့ လုပ်ခွင့်ရတဲ့ ဆောက်လုပ်ရေးလုပ်ငန်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် လုပ်ငန်းစစ်ဆေးခြင်း အရည်အသွေး စစ်ဆေးခြင်း၊ စာရင်းစစ်ဆေးခြင်းတွေကို ပိုမိုအားစိုက် ဆောင်ရွက်သင့်ပါတယ်'' ဟု ၎င်းက ဇန်နဝါရီ ၂၇ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ အဆိုတင်သွင်းခဲ့သည်။

ဒေသဖွံ့ ဖြိုးရေး အထောက်အကူပြုအဖွဲ့များကိုလည်း ယခုထက်ပိုပြီး ပွင့်လင်းလွတ်လပ်စွာ လုပ်ဆောင်ခွင့် ပေးသင့်ကြောင်းနှင့် ယခင်က ကျင့်သုံးခဲ့သည့် ရှေးမူဟောင်းများကို စွန့်ခွာသွေဖည်ပြီး ခေတ်သစ် စနစ်သစ်နှင့် လိုက်လျောမည့်လုပ်ငန်း မူဘောင်များ ချမှတ်ဆောင်ရွက်သင့်ကြောင်း၊ အရည်အသွေး စံမီစေရန် ကြီးကြပ်ထိန်းချုပ်မှုများကို ပိုမိုအားထည့်ပြီး ဆောင်ရွက်သွားရန် အစိုးရအဖွဲ့ကို တိုက်တွန်းပြောကြားခဲ့သည်။

ထိုအဆိုကို မိုင်းဖြတ်မြို့ နယ်အမတ်က ''ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ရှမ်းပြည်နယ်ထဲမှာ အဆောက်အအုံတွေ တိုးလာပါတယ်။၊ ဒါပေမဲ့ အဆင့်အတန်းမမီတာတွေက များနေတာ တွေ့ရတယ်။ ဒါကြောင့် ဒီအဆိုကို ထောက်ခံပါတယ်'' ဟု လွှတ်တော်သို့ ပြောကြားခဲ့သည်။

သို့ရာတွင် အစိုးရအဖွဲ့၏ သဘောထားကို သက်ဆိုင်ရာ ဝန်ကြီးဌာနဖြစ်သည့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောကြားရာတွင် နိုင်ငံတော် ဘဏ္ဍာငွေခွင့်ပြုချက်အရ ဒေသဖွံ့ ဖြိုးရေး လုပ် ငန်းများဆောင်ရွက်သည့်အခါ ပွင့်လင်းမြင်သာသော တင်ဒါခေါ်ယူရေးလုပ်ငန်း ကော်မတီ၊ အရည်အသွေး စစ်ဆေးရေး လုပ်ငန်းကော်မတီ အစရှိသည့် ကော်မတီများစွာတို့ဖြင့် ဆောင်ရွက်နေသည့်အပြင် လုပ်ငန်းမစမီကတည်းက ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်နေ၍ ယခုအဆိုကို လွှတ်တော်က မှတ်တမ်းတင် ထားရှိစေလိုကြောင်း ဖြေကြားခဲ့သည်။

ဝန်ကြီး၏သဘောထားကို အဆိုရှင် ဦးစိုင်းငေါင်းဆိုင်ဟိန်းက ငြင်းပယ်ကာ ''ကျွန်တော်တို့လက်ထက်မှာ တကယ့်ပြုပြင်ပြောင်းလဲမှု သို့မဟုတ် ထိရောက်သော ဆောင်ရွက်မှုတွေလိုပါတယ်။ ဒီလိုလုပ်ခြင်းကသာ ဒီမိုကရေစီ ဖော်ဆောင်ရေးကို အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် အဆိုကို မှတ်တမ်းတင်ထားမယ့်အစား လွှတ်တော်ရဲ့ အဆုံးအဖြတ်ကိုခံယူပါမယ်'' ဟု လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့သဖြင့် ပြည်သူ့လွှတ်တော်အမတ် ၃၄၉ ဦးတို့က စက်ခလုတ်နှိပ်၍ မဲခွဲခဲ့သည်။

ထောက်ခံမဲ ၃၃၂ မဲ၊ ကြားနေမဲ ၂ မဲ၊ ကန့်ကွက်မဲ မရှိဖြင့် မောက်မယ်မြို့နယ် အမတ်၏အဆို အနိုင်ရခဲ့ပြီး အစိုးရကို တိုက်တွန်းရန် လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

No comments: