Friday, January 30, 2015

ဖုန်းငွေဖြည့်ကတ်များ ခိုးယူသူများကို စစ်ဆေးရာမှ အခြားခိုးမှု ကျူးလွန်သူများဖြစ်နေ

ကျော်စိုးမိုး

ဖုန်းငွေဖြည့်ကတ်များ ခိုးယူသွားသည့် လူသုံးဦးကို စစ်ဆေးရာမှ အခြားခိုးမှုများပါ ကျူးလွန်ထားကြောင်း စစ်ဆေးသိရှိခဲ့ရသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ဇန်နဝါရီ ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်က အင်းစိန်မြို့နယ်၊ ရွာမအနောက် ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဖုန်းဆိုင်တစ်ခုတွင် အမျိုးသား သုံးဦးသည် ဖုန်းစတစ်ကာ တစ်ခုဝယ်ယူပြီး ပြန်ထွက်သွားချိန်တွင် ဆိုင်မှကျပ်ငါးထောင်တန် ငွေဖြည့်ကတ် ၆၃ ကတ်ထည့်ထားသည့်ဗူး ပျောက်ဆုံးသွားသဖြင့် အရေးယူပေးပါရန် ဆိုင်ရှင်က တရားလိုပြု တိုင်တန်းခဲ့သဖြင့် အင်းစိန်မြို့မ ရဲစခန်း (ပ) ၆/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးရာ ငွေဖြည့်ကတ်ခိုးယူသူများမှာ ရွှေပြည်သာမြို့နယ်နေသူများဖြစ်သည့် အသက် ၃၀ အရွယ် ဂျွန်ကို(ခ)အာကာ၊ အသက် ၂၄ နှစ်အရွယ် ရဲဇော်နှင့် အသက် ၁၈ နှစ်အရွယ် အောင်ငြိမ်းချမ်းတို့ သုံးဦးဖြစ်ပြီး ၎င်းတို့သုံးဦးကို ရွှေပြည်သာမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းနောက် ၎င်းတို့သုံးဦးကို စစ်ဆေးရော ဖုန်းကတ် ၆၃ ကတ်ကိုခိုးယူရောင်းချခဲ့ ခြင်းကို သိခဲ့ရသည့်အပြင် ၎င်းတို့ထံမှ ဖုန်းငွေဖြည့်ကတ် ၃၃ ကတ်ကို ထပ်မံသိမ်းဆည်းရမိခဲ့ပြီး ပိုင်ဆိုင်ကြောင်း အထောက်အထား ခိုင်လုံစွာမပြော နိုင်သဖြင့် ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေ ရဲစခန်းတွင် (ပ) ၂၉/ ၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၀/၅၄ ဖြင့် အမှုဖွင့်ခဲ့သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။


ထို့ပြင် ဂျွန်ကို (ခ) အာကာတို့ သုံးဦးစီးနင်းလာသည့် ဆိုင်ကယ်သည် လိုင်စင်မဲ့ဆိုင်ကယ်ဖြစ်နေသဖြင့် လှော်ကားနယ်မြေ ရဲစခန်းတွင် (ပ) ၂၉/ ၂၀၁၅၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ-၈ ဖြင့်ထပ်မံ အမှုဖွင့်ခဲ့ပြီး အခြားပြစ်မှုများ ကျူးလွန်ထားခြင်း ရှိ၊ မရှိဆက်လက် စစ်ဆေးဆောင်ရွက်လျက် ရှိသည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

No comments: