Friday, January 30, 2015

ဓမ္မစေတီခေါင်းလောင်း ဆယ်ခွင့်ပြုရန် တိုင်းဝန်ကြီးချုပ်ထံ စာတင်

ယုဝေ

ဓမ္မစေတီ ခေါင်းလောင်းကို ပုဒ်မ ၁၄၄ (ညမထွက်ရအမိန့်) ထုတ်ပြန်ထားသည့် ဧရိယာအတွင်း ဆယ်ယူခွင့်ပြုရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ဇန်နဝါရီလ ၂၈ ရက်စွဲဖြင့် စာတင်ထားသည်ဟု ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူရန် စီစဉ်နေသူ ဦးကျော်ဝင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါ ခေါင်းလောင်းဆယ်ယူမည့် နေရာသည် ရန်ကုန်မြို့တောင်ဘက် ၁ဝ မိုင်အကွာ သန်လျင်ရေနံချက် စက်ရုံ ဆိပ်ကမ်းအနီး ကိုက် ၁ဝဝ ဝန်းကျင်တွင်ရှိပြီး အဆိုပါနေရာမှာ ပုဒ်မ ၁၄၄ ထုတ် ပြန်ထားသည့် ဧရိယာဖြစ်သည်။

ဦးကျော်ဝင်းက ''ဝန်ကြီးချုပ်ထံ လိပ်မူပြီးတော့ ၁၄၄ ဧရိယာအတွင်း လုပ်ခွင့် ပါမစ်တင်ထားတယ်။ သူတို့ ခေါ်တွေ့ရင် သွားမယ်။ ပေးမဆယ်လည်း မဆယ်ဘူးပေါ့။ အဓိကက ဘယ်နေရာမှာရှိတယ်ဆိုတာ ကို သတင်းပို့ပြီးနောက်မှာ တာဝန်ကျေပြီလို့ ယူဆပါတယ်''ဟု ပြောသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာသည် ဧက ၈ဝဝ ခန့်ကျယ်ဝန်းပြီး ရေနံလှောင်ကန်များတည်ရှိကာ ယင်း ဧရိယာတွင်း ဝင်ရောက်လာသူများကို အဆိုပါရေနံချက်စက်ရုံမှ လုံခြုံရေးတာဝန် ယူထားသူများက ပစ်ခွင့်ရှိသည့်အတွက် အဆိုပါဧရိယာအတွင်း ခေါင်းလောင်းဆယ်ယူခွင့်ကို ခွင့်ပြုပေးရန် တင်ပြထားခြင်း ဖြစ်သည်ဟု ၄င်းကဆိုသည်။

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန် စီစဉ်နေသူ ဦးကျော်ဝင်းက ၄င်း၏ အစီအစဉ်ကို ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်ထံ တင်ပြခဲ့ပြီး ဦးစောထွန်းအောင်မြင့်က ဝန်ကြီးချုပ်ထံသို့ လည်းကောင်း၊ ထို့နောက် နိုင်ငံတော်သမ္မတ ရုံးထံသို့လည်းကောင်း၊ ထပ်မံတင်ပြပြီး နိုင်ငံတော် သမ္မတ ရုံးမှ ဆယ်ယူခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ခေါင်းလောင်း မဆယ်ယူနိုင်ပါကလျှာ ဖြတ်ခံမည်ဟုလည်း Tomorrow ဂျာနယ်တွင် ဦးကျော်ဝင်းက ဖြေ ကြားခဲ့ဖူးသည်။

ဓမ္မစေတီခေါင်းလောင်းသည် ကြေး ပိဿာချိန် ၁၈ဝ,ဝဝဝ ရှိသည်မှာမှန်ကန်မှုရှိ ပြီး အမြင့်ပေ ၁၂ တောင်၊ အဝရှစ်တောင်ရှိကာ အထူ နှစ်ပေနှင့် ကွင်းအကျယ် လေးပေရှိပြီး ခေါင်းလောင်းပုံစံသည် ပြောင်းဖူးကဲ့သို့ ပုံစံရှိသည်ဟုလည်း ဦးကျော်ဝင်းက ဆိုသည်။

အဆိုပါ ခေါင်းလောင်းရှာဖွေရေး လုပ်ငန်းကို ရန်ကုန်တိုင်း အစိုးရအဖွဲ့က ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက် တွင်ခွင့်ပြု ပေးခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက်က စတင်ခဲ့ရှာဖွေခဲ့သည်။

ယခု ဆယ်ယူမည့် ဓမ္မစေတီခေါင်းလောင်းကို ဦးကျော်ဝင်းက အိပ်မက်အရ ရှာဖွေခြင်းဖြစ်သည်ဟုလည်း မီဒီယာများကို ပြောဖူးသည်။

No comments: