Friday, January 30, 2015

တယ်လီနောက လစဉ် တာဝါတိုင် ၂၀၀ တိုးချဲ့မည်

မောင်မန်း

ပြည်တွင်းတွင် မိုဘိုင်းအော်ပရေတာ ဝန်ဆောင်မှုပေးနေသည့် တယ်လီနောမြန်မာ ကုမ္ပဏီကလစဉ် တာဝါတိုင် ၂ဝဝ တိုးချဲ့ တည်ဆောက်ပြီး ဝန်ဆောင်မှုကိုချဲ့ထွင်သွားမည်ဟု တယ်လီနောမြန်မာ၏ အမှု ဆောင်အရာရှိချုပ် Mr. Petter Furberg က ဆိုသည်။

Petter Furberg က ''လစဉ် တာဝါတိုင်တွေ တိုးချဲ့သွားမယ်။ တစ်နိုင်ငံလုံးအနေနဲ့ တစ်လကို တာဝါတိုင် ၂ဝဝ လောက်တိုးချဲ့ ဝန်ဆောင်မှုပေးသွားပါမယ်'' ဟု ဆိုသည်။

ယခုရက်ပိုင်းအတွင်းတွင် တယ်လီနော၏ အင်တာနက်ဝန်ဆောင်မှု အရည်အသွေး ကျဆင်းလာသည်ဟု ရန်ကုန်မှ အသုံးပြုသူများက ဝေဖန်မှုများရှိနေပြီး အသုံးပြုမှုပမာဏ မြင့်တက်လာခြင်းကြောင့်ဖြစ်နိုင်ပြီး ထိုင်းနိုင်ငံမှ ဆက်သွယ်မည့် ဖိုက်ဘာဆက်ကြောင်း ပြီးစီးပါက အင်တာနက်မြန်နှုန်း ပိုမိုကောင်းမွန်လာ မည်ဟု တယ်လီနော မြန်မာ၏ ပြန်ကြားရေးအရာရှိ ကိုစိုးသူထွန်းက ပြောသည်။

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေ တယ်လီနောဆင်းမ်ကတ် အသုံးပြုသူတစ်ဦးက ''အင်တာနက် မြန်နှုန်းက တော်တော်ဆိုးလာတယ်။ အိမ်ထဲဝင်ရင် လိုင်းမမိတာက ဝန်ဆောင်မှုစကတည်းကပဲ။ အခုက လိုင်းတက်နေပေမယ့် သုံးရတာ နှေးလာတယ်''ဟု ဆိုသည်။

ကိုစိုးသူထွန်းက ''ရန်ကုန်မှာ ကွန်ရက်ကိုထိန်းပြီး ကတ်တွေချပေးနေပါတယ်။ ထိုင်းကနေသွယ်တန်းမယ့် ဖိုက်ဘာဆက်ကြောင်း အမြန်ဆုံးပြီးအောင် ဆောင်ရွက်နေပါတယ်။ အဲဒါပြီးရင်တော့ မြန်နှုန်း ပိုကောင်း လာမှာပါ''ဟု ဆိုသည်။

ရန်ကုန်အတွက် ကွန်ရက်ဝန်ဆောင်မှုပေးရန် တာဝါ ၈ဝဝ ခန့် လိုအပ်မည်ဖြစ် သည်ဟု တယ်လီနော မြန်မာ၏ အမှုဆောင် အရာရှိချုပ်က ခန့်မှန်းထားသည်။

လက်ရှိအချိန်တွင် တာဝါ ၅ဝဝ ကျော် တည်ဆောက်ပြီး ဝန်ဆောင်မှုပေးနေသည်ဟုလည်း ၄င်းကဆိုသည်။

ရန်ကုန်ဈေးကွက်အတွင်း ကတ်ချထားပေးမှုကို ကွန်ရက်ဝန်ဆောင်မှုပေးနိုင်မှု အပေါ်မူတည်ပြီး ချထားပေး နေသည်ဟု တယ်လီနော၏ ပြန်ကြားရေးအရာရှိ ကိုစိုးသူထွန်းက ပြောဆိုထားပြီး နယ်မှချထားပေးသည့် ကတ်များကို ရန်ကုန်ဈေးကွက်တွင် မှောင်ခိုရောင်းချခြင်းမျိုး ရှိနေသည်။

တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်က ''ဒီကလူတွေကို ချီးကျူးပါတယ်။ နယ်ကကတ်တွေ ယူလာပြီး ရန်ကုန်မှာ ပြန်ရောင်းကြတယ်''ဟု ပဲခူး၌ ဝန်ဆောင်မှု မိတ်ဆက်သည့်ပွဲတွင် ဆိုခဲ့သေးသည်။

တစ်နိုင်ငံလုံးတွင် မှောင်ခိုဈေးကွက် မဖြစ်စေရန် လစဉ် ကတ်တစ်သန်းခွဲ ချထားပေးသွားမည်ဟု တယ်လီ နော မြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က ပြောကြားထားသည်။

တယ်လီနောမြန်မာက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနှင့် မကွေးဒေသများတွင် ဝန်ဆောင်မှုပေး နေပြီး ဖေဖော်ဝါရီလ၌ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဝန်ဆောင်မှုချဲ့ထွင်သွားမည်ဟု တယ်လီနော မြန်မာက ထုတ်ပြန်ထားသည်။

No comments: