Friday, January 30, 2015

ကုမရသည့် ရောဂါတစ်မျိုးကြောင့် မြောင်းမြမြို့နယ်အတွင်း ဝက်များ သေဆုံးနေ

မင်းမင်း

ဇန်နဝါရီလဆန်းကစပြီး မြောင်းမြို့မြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် ဒေသခံတို့ မွေးမြူထားသော ဝက်များမှရောဂါတစ်မျိုးကြောင့် ဖျားနာပြီး သေဆုံးမှု များပြားလာသည်ဟု မြောင်းမြမြို့နယ် အတွင်းရှိ မွေးမြူရေးနှင့်ကုသရေး ဦးစီးမှူးအပါအဝင်ဒေသခံများက အတည်ပြု ပြောဆိုသည်။

ရောဂါစတင်ဖြစ်ဖြစ်ချင်း ဝက်များ၏ ခန္ဓာကိုယ်တစ်ခုလုံး နီးမြန်းလာကာ အစာမစားတော့ခြင်း၊ တစ်ဖြည်းဖြည်း လုံးဝ မထနိုင်တော့ဘဲ ရောဂါဖြစ်ပြီး ရက်သတ္တပတ်အတွင်း သေဆုံးသွားသည်ဟု ဒေသခံတို့က ပြောသည်။

အဆိုပါ ရောဂါလက္ခာသည် 'ဝက်ဝမ်းကျရောဂါ' ဟု မြောင်းမြမြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာစိုးမြင့်အောင်က အတည်ပြုပြီး ကုမရသည့် ရောဂါတစ်မျိုးဖြစ်သည်ဟု ဆိုသည်။

ဒေါက်တာ စိုးမြင့်အောင်က 'ဝက်ဝမ်းကျရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါဖြစ်တာကြောင့် ကုလို့မရပါဘူး။ ပိုင်ရှင်တွေက ဝက်စမွေးပြီဆိုကတည်းက ပိုးသတ်ဆေးသုံးတာတို့၊ အခုအချိန် ဝက်ခြံထဲကို လူဝင်၊ လူထွက်ထိန်းချုပ်တာတို့ ဒါတွေဟာ တစ်ကယ်လုပ်ရမယ့်ကဏ္ဍတွေပါ။ အဲ့ဒါတွေကို ဂရုစိုက်ပေးရင်တော့ အဆင်ပြေမှာပါ' မဇ္ဈိမကို ပြောသည်။

မြောင်းမြမြို့နယ်အတွင်း သုံးခွ၊ ကညင်ကွင်း၊ တံတားကူး၊ မွေတော်၊ တံတားကူးနှင့် ကွယ်လွယ် ကျေးရွာရှိ ဒေသခံတို့ မွေးမြူထားသော ဝက်များမှာ အဆိုပါ ရောဂါကြောင့် အများအပြား သေဆုံးပြီးဖြစ်သလို ရောဂါဆက် လက်ဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ဝက်အကောင်ရေ ၄၀ကျော် မွေးမြူထားသော ကွယ်လွယ်ရွာမှ လယ်သမားကြီး ဦးသန့်ဇော်ဦးက 'ကျွန်တော့ ဝက်တွေတော့ အကောင်နှစ်ဆယ် သေသွားပြီဗျာ။ ကျန်တဲ့အကောင်တွေမှာလည်း ရောဂါဆက်ဖြစ်နေတယ်။ ကျွန်တော့တစ်ဦးတည်း ဖြစ်နေတာ မဟုတ်ဘူး။ ရွာနီးချုပ်စပ် အကုန်လုံးနီးပါးမှာ ဖြစ်နေတာ' ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။

အဆိုပါ ဒေသတွင် စီးပွားရေး လုပ်ငန်းအဖြစ် လယ်ယာလုပ်ငန်းကို အဓိက အားထားလုပ်ကိုင်ကြပြီး ဝက်၊ ကြက်နှင့် နွားတို့ကို တစ်နိုင်တစ်ပိုင်နှင့် စီးပွားဖြစ် မွေးမြူကြသည်။

တံတားကူးကျေးရွာမှ လယ်သမားကြီး ဦးသန်းဝင်းကလည်း 'ကျွန်တော်တို့ဒေသမှာ တော်တော်များများ ဖြစ်နေတာဗျ။ ကျွန်တော်ဆိုလို့ရှိရင်အချိန်(ပိဿာ)၂၀ထွက်ကောင်တွေ အကောင် အစိတ်(၂၅)လောက်က ရောဂါဖြစ်နေတယ်။ အခုဆိုရင် ငါးကောင်လောက် သေသွားပြီ။ လောလောဆယ်တော့ အရပ်ဆေးထိုးဆရာတွေနဲ့ ဆေးကုနေတယ်' ဟု ဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ ဈေးများတွင် ရောင်းချနေသည့် ဝက်သားဈေးမှာ အသားသီးသန့် တစ်ပိဿာလျင် ကျပ်ကိုးထောင် ပေါက်ဈေးရှိသည်။

No comments: