Saturday, April 18, 2009

ဦးတေဇ အိုင်တီ ပစ္စည်း စက်ရုံများ တည်ဆောက်ရန် ပြင်ဆင်

မေကျော် စနေနေ့၊ ဧပြီလ 18 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ထူးဂရုပ်ကုမ္ပဏီ အကြီးအကဲ ဦးတေဇ၏ ကုမ္ပဏီ တခုဖြစ်သော Myanmar Avaia Services ကုမ္ပဏီသည် ရုရှား ကုမ္ပဏီ CBOSS ၊ တရုတ်ကုမ္ပဏီ Huawei Technology Co. တို့ မန္တလေးတိုင်း ပြင်ဦးလွင်တွင် တည်ဆောက်နေသည့် ရတနာပုံ ဆိုက် ဘာ စီးတီးတွင် IT ဆက်စပ်ပစ္စည်း စက်ရုံများ တည်ဆောက်ရန် ယခုလ ၈ ရက်နေ့က နေပြည်တော် ရွှေနန်းတော် ဟိုတယ်တွင် နား လည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးလိုက်သည်။

တရုတ်နိုင်ငံ Huawei Technology Co. နှင့် Mobile Communication BTS ၊ Wi-max System Products ၊ IT Product များ ထုတ်လုပ်မည် ဖြစ်သည်။

ရုရှား ကုမ္ပဏီ CBOSS နှင့် Prepaid Card ၊ convergence Billins System တို့ကို ပူးပေါင်း ထုတ်လုပ်မည် ဖြစ်ကြောင်း ယခုလ ၁၃ ရက်နေ့ထုတ် စစ်အစိုးရ၏ ကြေးမုံ သတင်းစာတွင် ဖော်ပြသည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန တရားဝင် ထုတ်ပြန်ချက် အရ ရတနာပုံ ဆိုက်ဘာစီးတီးတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်း အုပ်စု ၁၁ ခုတွင် ထူးထရေးဒင်းက Manmar Avia Services ကုမ္ပဏီအဖြစ် ယခု နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးသော လုပ်ငန်း စီမံကိန်း ၂ ခု ပါဝင်သည်။

ယင်းဝန်ကြီးဌာန တရားဝင်ထုတ်ပြန်ချက် အရ Alcatel Shanghaibell (ASB) ကုမ္ပဏီ နှင့် Htoo Trading တို့က လုပ်ငန်းဆောင်ရွက်မည့် မြေ ၄ ဧကပေါ်တွင် GSM BTS ဝန်ဆောင်မှု လုပ်ငန်း ကို ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂ သန်း၊ လုပ်ငန်းလည်ပတ်ငွေ ကန်ဒေါ်လာ ၃ သန်း ဖြင့် လုပ်ငန်းစမည် ဆိုသည်။

ရုရှာ ကုမ္ပဏီ CBOSS နှင့် Htoo Trading ကုမ္ပဏီတို့က Incubation Centre တခု ကို လုပ်ငန်းဆောင်ရွက်ရန် သုံးမည်ဖြစ်ပြီး pepaid software များ ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂ သန်း ၊ လုပ်ငန်းလည်ပတ်ရန် ကန်ဒေါ်လာ ၅ သန်း ဖြင့် တည်ထောင်လုပ်ကိုင် မည် ဟုဆိုသည်။

ရတနာပုံ ဆိုက်ဘာ ကော်ပိုရေးရှင်းတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်း ၈ ခုတွင် (၁) Outsourcing ၊ In-sourcing ၊သုတေသန နှင့် ဖွံဖြိုးရေး လုပ်ငန်း၊ ( ၂ ) WiFi ,WiMax နှင့်လူထု ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း၊(၃) GSM နှင့် မိုဘိုင်းလ် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်မှု၊(၄) power cable ၊ fibre cable နှင့် communication cable များ ထုတ်လုပ်မှု၊ ( ၅ ) auto exchange နှင့် digital metre ပံ့ပိုး ပစ္စည်းများ ၊ ( ၆ ) တန်ဖိုးနည်း တကိုယ်ရေသုံး ကွန်ပျူတာများ ထုတ်လုပ်မှု၊ ( ၆ ) ICT သင်တန်းကျောင်း၊ ( ၇ ) GSM BTS ဝန်ဆောင်မှု၊ (၈ ) pepaid software များ ထုတ်လုပ်မှု တို့တွင် ထူးထရေးဒင်း တဖြစ်လဲ Myanmar Avia Services ကုမ္ပဏီက လုပ်ငန်း ၂ ခုကို လုပ်ကိုင်မည် ဖြစ်သည်။

သို့သော် “ HGC ( Htoo Group of Company) ဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ ဘယ်စီးပွားရေး လုပ်ငန်းကိုမှ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားတာ မရှိပါဘူး။ HCG ရဲ့ စီးပွားရေး မှန်သမျှဟာ တန်းတူယှဉ်ပြိုင်ပြီးတော့မှ လုပ်ကိုင်ခွင့် ရထားတဲ့ လုပ်ငန်းတွေဘဲ ဖြစ်ပါတယ်။ ကွာခြားချက်ကတော့ လုပ်ငန်း Trade Volume ပဲ ကွာပါတယ်။ ကျွန်တော်တို့ HGC ဟာ ကမ္ဘာမှာ အကောင်းဆုံး လုပ်ငန်းတွေ ဖြစ်တဲ့ ဆက်သွယ်ရေးလုပ်ငန်း ( Telecommunication ) ၊ ရုပ်သံလွှင့် လုပ်ငန်း ( Broadcasting )၊ လောင်စာဆီ ဖြန့်ဖြူးရောင်းချခြင်း ( Fuel Oil ) ဆိုတဲ့လုပ်ငန်းတွေကို Monopoly ရထားတာမျိုး လုပ်ကိုင်နေတာမျိုးလည်း မရှိပါဘူး ” ဟု ထူးကုမ္ပဏီ ဥက္ကဌ ဦးတေဇက အဲပုဂံ ၃ နှစ်ပြည့် အခမ်းအနားမှာ ပြောကြားခဲ့သည်။

ရတနာပုံ ဆိုက်ဘာ စီးတီးတွင် ရင်းနှီးမြှုပ်နှံမည့် အခြားကုမ္ပဏီများမှာ Fortune International Company၊ Myanmar Teleport Company၊ တရုတ် ကုမ္ပဏီ ZTE ၊ Value Standard Wire and Cable Company၊ Myanmar World Distribution ကုမ္ပဏီ၊ General Myanmar Group of Companie၊ Fisca ကုမ္ပဏီ၊ မလေးရှား IP Tel ကုမ္ပဏီနှင့် ရတနာစိန် ကုမ္ပဏီ၊ Myanmar Info-Tech Company ၊ Myanmar Computer Company (MCC) group တို့ ဖြစ်သည်။

ရတနာပုံ ဆိုက်ဘာ စီးတီး စီမံကိန်းသည် ဧက ၁၀၀၀၀ ကျယ်ဝန်းပြီး လူနေအိမ် ၅၀၀၀၀ ၊ ရေဂါလံ ၂ သိန်းဆန့် ရေလှောင်ကန် နှင့် ၅ဝ ကီလိုဗို့ ရှိ လျပ်စစ်လိုင်း တို့ ပါဝင်ပြီး ကို ၂ဝဝ၆ ခုနှစ် ဇွန်လ မှာစတင်တည်ဆောက် ခဲ့ခြင်းဖြစ်သည်။

၂၀၀၇ ခုနှစ် ဒီဇင်ဘာလ က ရတနာပုံ ဆိုက်ဘာ စီးတီး ကို ဖွင့်လှစ်ခဲ့ပြီး ယခု အချိန်တွင် မြေဧရိယာ ၂၂၀၀ ပေါ်တွင် မြန်မာတယ်လီပို့နှင့် Incubation Center ၇ လုံးတည်ဆောက်ပြီး ကုမ္ပဏီ ၁၈ ခုမှ ITဆက်စပ် ပစ္စည်းများ ထုတ်လုပ်ရန် စက်ရုံများ တည်ဆောက်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ယခုလ ၁၇ ရက်နေ့ထုတ် စစ်အစိုးရ၏ မြန်မာ့ အလင်းသတင်းစာက ဆိုသည်။

No comments: