Thursday, January 29, 2015

အမ်ပီတီ ကတ်ပျောက် လျှောက်လျှင် ကျပ် ၁၅၀၀ သာ ပေးရသော်လည်း ပွဲစားများက ကျပ်တစ်သောင်း တောင်းခံ

မောင်မန်း

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) ၏ ဆင်းမ်ကတ်ပျောက် လျှောက်ထားမှုအတွက် ကျပ် ၁,၅ဝဝ သာ ကျသင့်မည်ဟု ဇန်နဝါရီ ၉ ရက်ကပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သော်လည်း မြန်မာ့ ဆက်သွယ်ရေးရုံး (ရွှေဂုံတိုင်) ၌ ကတ်ပျောက် လျှောက်ထားမှုများအတွက် ကြားခံပွဲစားများက ကျပ်တစ် သောင်းတောင်းခံဝန်ဆောင်မှုပေးနေသည်ဟု ဇန်နဝါရီ ၂၆ ရက်တွင် ကိုယ်တိုင်သွားရောက်၍ ကတ် ပျောက်လျှောက်သူ တစ်ဦးက ပြောသည်။

၎င်းက ''ကတ်ပျောက်သွားလျှောက်တာ ပွဲစားတွေက ကျပ်တစ်သောင်း ပေးရမယ်ပြောတယ်။ တစ်ပတ်ကြာ မယ်တဲ့။ တကယ်ကို တောင်းနေကြတာ။ ပွဲစားနဲ့ မလုပ်ရင် စာရွက်စာတမ်းစုံရင်တော့ အဆင်ပြေပါတယ်။ အချိန်တော့ကြာတယ်'' ဟု ဖုန်းကတ်ပျောက် သွားရောက်လျှောက်ထားသည့် အတွေ့အကြုံကို ပြောသည်။

ဆင်းမ်ကတ်ပျောက် လျှောက်ထားရန် ဖုန်းစာချုပ်၊ ကတ်အခွံနှင့် နောက်ဆုံးခေါ်ဆိုသည့် ဖုန်းနံပါတ်သုံးလုံး တင်ပြရမည်ဖြစ်သည်ဟု ကတ်ပျောက် လျှောက်ထားဖူးသူ ကိုဇော်မျိုးထွန်းက ဆိုသည်။

ကတ်ပျောက်လျှောက်ထားရာတွင် ရုံးဝင်းအတွင်းပွဲစားများရှိနေပြီး ကျပ်တစ်သောင်း တောင်းခံနေသည်ဟုလည်း ကိုဇော်မျိုးထွန်းက ပြောသည်။

၎င်းက ''ပွဲစားက ဗြောင်ကို တောင်းတာ။ သူတို့ လိပ်စာကတ်တောင် ပေးလိုက်သေးတယ်။ နှစ်ပတ်စောင့် နိုင်ရင် ကျပ်တစ်သောင်း။ တစ်ပတ်နဲ့ ရဖို့ဆိုရင် ကျပ်နှစ်သောင်း တောင်းတယ်'' ဟု ဆိုသည်။

MPT ဆင်းမ်ကတ်ပျောက်၊ ကတ်ပျက် လျှောက်ထားမှုအတွက် ရုံးဝင်းအတွင်း ပွဲစားများ ဝင်ထွက်ကာ ငွေတောင်းခံ ဝန်ဆောင်မှု ပေးနေခြင်းနှင့် ပတ်သက်ပြီး မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) ဆင်းမ်ကတ် အသုံးပြုသူများက ဝေဖန်မှုများ ရှိနေသည်။

ယခင်က ကတ်ပျောက်၊ ကတ်ပျက် လျှောက်ထားခြင်းများအတွက် တရားဝင် ကျပ်တစ်သောင်းဝန်ဆောင်ခ ရယူသော်လည်း ဇန်နဝါရီ ၉ ရက်မှစတင်ပြီး ကတ်ပျောက်၊ ကတ်ပျက် လျှောက်ထားခြင်းအတွက်ကျပ် ၁,၅ဝဝ သာ ကောက်ခံမည်ဖြစ်ပြီး နည်းပညာ လိုအပ်ချက်ကြောင့် ကတ်ပျက်ပါက အခမဲ့ ဝန်ဆောင်မှုပေးမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) ၏ တာဝန်ရှိသူများက စာနယ်ဇင်းရှင်းလင်းပွဲတွင် မီဒီယာများကို ပြောကြားသည်။

No comments: