Wednesday, January 7, 2015

ရန်ကုန်-မန္တလေး အမြန်လမ်း ပေ ၄၀၀ အတွင်းရှိ မြေများအတွက် လျော်ကြေးဆက်ပေးမည်

သီဟကိုကို

ရန်ကုန်-မန္တလေး အမြန်လမ်းနယ်နိမိတ် ပေ ၄၀၀ အတွင်းမှ မြေယာများအတွက် လျော်ကြေးငွေ ကျပ် ၁၄,၉၂၅ ဒသမ ၁၂ သိန်း ပေးခဲ့ပြီးဖြစ်ပြီး လာမည့် ဘဏ္ဍာနှစ်များတွင် လျော်ကြေးပေးရန် ကျန်ရှိသည့် မြေယာများအတွက် ဆက်လက်ပေးသွားမည် ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းနယ် အကျယ်ပေ ၄၀၀ သတ်မှတ်ရေးအတွက် လမ်းနယ်အတွင်း ပါဝင်သည့် ပြည်သူပိုင်လယ်ယာမြေများ၊ သစ်တောမြေဧရိယာများကို သက်ဆိုင်ရာတိုင်း၊ မြို့နယ်၊ နယ်မြေများအလိုက် ကွင်းဆင်းတိုင်းတာ စစ်ဆေးပြီး ဒေသအလိုက် မြေ အမျိုးအစားပေါ် မူတည်ကာ လျော်ကြေး ဈေးနှုန်းသတ် မှတ်ပေးချေခဲ့ခြင်း ဖြစ်သည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ဒိုက်ဦး၊ ဖြူး၊ တောင်ငူ၊ ရေတာရှည်၊ ကျောက်တံ ခါး စသည့်မြို့နယ်ပေါင်း ငါးခုရှိ လယ်မြေ ၁,၀၇၆ ဒသမ ၆၄ ဧက၊ ယာမြေ ၇၄၀ ဒသမ ၆၄ ဧက၊ ခြံမြေ ၅၆၄ ဒသမ ၂၉ ဧကအတွက် လျော်ကြေး ကျပ် ၁၄,၇၉၁ ဒသမ ၅၀ သိန်းကို ပေးခဲ့သည်။

နေပြည်တော် ကောင်စီနယ်မြေအတွင်းမှ လယ်ဝေးမြို့နယ်ရှိ လယ်ယာမြေများသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်ရာတွင် ပါဝင်ခဲ့ပြီး ပါဝင်သည့် လယ်မြေ ၁၆ ဒသမ ၃၆ ဧက၊ ယာမြေ ၃ ဒသမ ၈၂ ဧက၊ လယ်/ယာမြေ ၂၀ ဒသမ ၁၈ ဧက တို့အတွက် ကျပ် ၁၃၃ ဒသမ ၆၂ သိန်း လျော်ကြေး ပေးထားသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပဲခူး၊ အုတ်တွင်းမြို့နယ်များ၊ နေပြည်တော် ကောင်စီနယ်မြေရှိ လေးမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ကိုးမြို့နယ်တို့ရှိ လယ်မြေ ၃,၁၂၇ ဒသမ ၃ ဧက၊ ယာမြေ ၄,၆၅၄ ဒသမ ၅၂ ဧက၊ အခြားမြေ ၁,၆၃၇ ဒသမ ၅၁ ဧကတို့အတွက် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်နှင့် ၂၀၁၅-၁၅ ဘဏ္ဍာနှစ်တို့အတွက် ထောက်ပံ့ လျော်ကြေးငွေများ ဆက်လက်ပေး သွားမည် ဖြစ်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းနယ် အကျယ်ပေ ၄၀၀ သတ်မှတ်ရန် ဆောင်ရွက်လျက် ရှိနေစဉ်တွင် တောင်သူများသည် လမ်းနယ်အတွင်း စိုက်ခင်းများပြုလုပ်ခြင်း၊ လူနေ အဆောက်အအုံများ ဆောက်လုပ်ခြင်း မပြုရန် အသိပေးထားပြီး ကျူးကျော်စိုက်ပျိုးပြီး စိုက်ခင်းနှင့် အဆောက်အအုံများကိုလည်း ဖယ်ရှားနိုင်ရေးအတွက် တောင်သူများကို ရှင်းလင်းဆွေးနွေးသွားမည် ဖြစ်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၃၃၆ မိုင် သုံးဖာလုံ အရှည်ရှိပြီး မြို့နယ်ပေါင်း ၂၂ မြို့နယ်ကိုဖြတ်သန်း ဖောက်လုပ်ထားကာ နိုင်ငံတကာ အဆင့်မီ အမြန်လမ်းမကြီး အဆင့်အထိ အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။

No comments: