နိုင်နိုင်ဇော်
အစိုးရတန်ဖိုးနည်း အိမ်ရာ စီမံကိန်းများတိုးချဲ့ တည်ဆောက်လာသော်လည်း ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းများအပေါ် ကြီးမားသော သက်ရောက်မှုများ မရှိသေးဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောကြားသည်။
တန်ဖိုးနည်းတိုက်ခန်း ရောင်းဈေးမှာ ပြည်သူများ ဝယ်ယူနိုင်စွမ်းထက် မြင့်မားနေပြီး သွားလာရန် အချိန်ပေးရသည့် မြို့စွန်ပိုင်းတွင်သာ တည်ဆောက်နေခြင်းကြောင့် ပုဂ္ဂလိကဆောက်လုပ်ရေး လုပ်ငန်းများ ဆက်လက်အခြေအနေ ကောင်းဦးမည်ဟု မြရောင်ချယ် ဆောက်လုပ်ရေးလုပ်ငန်း ဒါရိုက်တာ ဦးပိုင်စိုးရာကျော်က ပြာသည်။
''အစိုးရတန်ဖိုးနည်းအိမ်ရာတွေက ဈေးတွေကြီးနေသလို မြို့စွန်တွေမှာ ရှိနေတော့ ဒီလိုကားကျပ်တည်းတဲ့ အချိန်အခါမျိုးမှာ လူတွေစိတ်ဝင်စားမှု နည်းသေးတဲ့အတွက် ကျွန်တော်တို့ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ် ငန်းတွေအပေါ် သက်ရောက်မှု သိပ်မရှိပါဘူး'' ဟု ၎င်းက ပြောသည်။
မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာ စီမံကိန်းများ အကောင်အထည်ဖော်နေပြီး လေးနှစ်အတွင်း တိုက်ခန်း ၄၃,ဝဝဝ ကျော်ထွက်ရှိရန် ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ တန်ဖိုးနည်းများ အကောင်အထည်ဖော်နေသော်လည်း တိုက်ခန်းများ ဈေးနှုန်းမှာ ကျပ်သိန်း ၁ဝဝ ဝန်းကျင် အနည်းဆုံးရှိခြင်းကြောင့် ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၏ ရောင်းဈေးနှင့် နှိုင်းယှဉ်က ဈေးအနည်းငယ်သာ သက်သာသည်ဟုလည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။
တန်ဖိုးနည်းအိမ်ရာများသည် ပြည်သူဝယ်ယူနိုင်သည့် ဈေးနှုန်းဖြစ်ရန်လိုအပ်ပြီး အောက်ခြေလူတန်းစား ဝယ်ယူနိုင်သည့် နည်းလမ်းဖြင့် ရောင်းချပေးချိန်မှသာ မြင့်မားနေသည့် အိမ်ခန်း၊ တိုက်ခန်းဈေးများကို ထိန်းနိုင်မည်ဟုလည်း နေရာသစ်ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးပြည့်ဖြိုးအောင်က ပြောသည်။
လက်ရှိအချိန်တွင် ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းများကလည်း မြို့စွန်ဘက်များကိုပါ တိုးချဲ့တည် ဆောက်လာခြင်းကြောင့် နောက်ပိုင်းတွင် အစိုးရတန်ဖိုးနည်းနှင့် ပုဂ္ဂလိကလုပ်ငန်းများက ရောင်းချသည့် တိုက်ခန်းဈေးကွက်များ အပြိုင်အဆိုင်ဖြစ်လာနိုင်သည်ဟု ၎င်းတို့က ဆိုသည်။
No comments:
Post a Comment