Thursday, January 29, 2015

ထွက်ပြေး စစ်အကျဉ်းသားများကို ဖမ်းမမိ၍ မြို့ခံများ စိုးရိမ်နေ

အောင်ကိုဦး

နန်းမြို့တွင်းရှိ အမှတ် (၁) စစ်အကျဉ်းထောင်တွင် ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်း၌ အစောင့်တပ်ကြပ်ကြီးကို သတ်၍ အကျဉ်းသားရှစ်ဦး ထောင်ဖောက်ပြေးခြင်းကို မဖမ်းဆီးနိုင်သေးသဖြင့် မန္တလေး မြို့ခံများစိုးရိမ် လျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။

မြောက်ပြင်တွင်နေထိုင်သူ ဦးစန္ဒာက ''အဘတို့ကတော့ စိုးရိမ်တယ်။ ဘယ်အချိန်ဘာဖြစ်မယ်ဆိုတာ မသိဘူး။ ပြီးတော့ သားသမီးတွေက ညပိုင်းမှ အလုပ်က ပြန်ရတာလေ။ တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်။ အခုထွက်ပြေးတာက ရိုးရိုးလူတွေ မဟုတ်ဘူး။ စစ်သားတွေ၊ အုပ်စုလိုက်ကြီးဆိုတော့ ကိုယ့်ရပ်ကွက် ကိုယ်လုံခြုံအောင် လုပ်ရတော့မယ်'' ဟု ပြောသည်။

အောင်မြေသာစံမြို့နယ်မှ အထက်တန်းပြ ဆရာမ တစ်ဦးကလည်း ''မမိဘူးဆိုတော့ လုံခြုံမှု မရှိသလိုခံစားရတယ်။မနက်ကျောင်းသွားတဲ့ အချိန်ထိ လုံခြုံရေးတွေ ဘာတွေမတွေ့ရဘူး။ မဖြစ်ခင်ကမှ၁၂လမ်းထောင့်မှာ ရဲတွေဘာတွေတွေ့တယ်။ အခုမတွေ့ဘူး။ နေ့ကပြဿနာမရှိပေမယ့် ညဘက်တော့ စိုးရိမ်ရတယ်'' ဟုပြော သည်။

မန္တလေးမြို့ခံများ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေခြင်းနှင့်ပတ်သက်၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ထိတ်လန့်မှုများဖြစ်ရန်မလိုကြောင်း၊ ကြို တင်ကာကွယ်မှုများ ဆောင်ရွက်လျက်ရှိပြီး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို အကြောင်းကြားထာပြီး ပြည်သူလူထုက မသင်္ကာစရာများတွေ့လျှင် သတင်းပို့ ခြင်းဖြင့် ပူးပေါင်းပါဝင်လျှင် အမြန်ဆုံး ဖမ်းဆီးရရှိမည်ဖြစ်ကြောင်း ဆိုသည်။

''ရဲကိုပဲ အားကိုးနေလို့ မရပါဘူး။ နယ်ထိန်းဆိုတာလည်း ထိန်းရတဲ့နယ်တွေက အကျယ်ကြီးတွေလေ။ ဒါကြောင့် စစ်တပ်နဲ့လည်း ဝင်လမ်း ထွက်လမ်းတွေ ပိတ်ပြီး ပူးပေါင်းလုပ်ဆောင်နေပါတယ်။ တချို့ကိစ္စတွေကတော့ သူတို့ တပ်တွင်းပဲ ဆောင်ရွက်သွားပါလိမ့်မယ်။ ဒီလိုပြေးတာတွေကတော့ အခုမှဖြစ်တာမ ဟုတ်ဘူး။ အရင်ကလည်း ဖြစ်တာပဲ။ ထွက်ပြေးတဲ့ ကလေးတွေ အမြန်ဆုံးမိဖို့ ပြည်သူလူထု ပူးပေါင်းပါဝင် ဖို့လိုပါတယ်။ လုံခြုံရေးလည်း ဆောင်ရွက်နေပါတယ်'' ဟု ပြောသည်။

နယ်မြေခံရဲအရာရှိတစ်ဦးက ''ကျွန်တော်တို့ကိုတော့ ဘာမှ ညွှန်ကြားမထားဘူး။ အချက်အလက် တချို့တော့ ပို့တယ်။ ပိတ်ဆို့ရှာဖွေတာတွေ လုပ်နေပါတယ်။ မြို့တွင်းတော့ မရှိနိုင်တော့ဘူး။ အပြင်ထွက်လမ်းတွေကိုပဲ ပိတ်ဆို့ရှာဖွေမှုတွေ လုပ်နေတယ်''ဟု ပြောသည်။

သေဆုံးသူ တပ်ကြပ်ကြီးကို မန္တလေးပြည်သူ့ဆေးရုံတွင် ထားရှိပြီး စစ်တပ်ထုံးစံအတိုင်း သင်္ဂြိုဟ်သွားမည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက ဆိုသည်။

No comments: