Sunday, April 12, 2009

သင်္ကြန်ကာလအတွင်း ရခိုင် ဗုဒ္ဓဘာသာများက မူဆလင် ဘာသာဝင်များအား တိုက်ခိုက်ရန် စီစဉ်နေသည်ဆိုသော သတင်း မဟုတ်မှန်

Narinjara News 4/12/2009

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် အေးချမ်းစွာနေထိုင်နေကြသော မူဆလင် ဘာသာဝင်များ အား သင်္ကြန်ကာလအတွင်း ရခိုင် ဗုဒ္ဓဘာသာဝင်များက တိုက်ခိုက်ရန် စီစဉ်နေခြင်းမှာ မဟုတ်မှန်ပါကြောင်း အမည်မဖေါ်လိုသူ ဆရာ တော်ကြီး တပါးက မိန့်ကြားသည်။

နိရဉ္စရာက အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး လျှောက်ထား မေးမြန်းစဉ် ဆရာတော်ကြီးက ထိုကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

၎င်းအပြင် ဆရာတော်ကြီးက မြန်မာနအဖ စစ်တပ် အရာရှိများမှ ရခိုင်ကျေးရွာများတွင် မူဆလင် ဘာသာဝင်များအား တိုက်ခိုက်ရန် လက်နက် ခဲယမ်းမီးကျောက်များနှင့် ဓါးများ တပ်ဆင် ပေးနေသည်ဆိုသော သတင်းမှာလည်း မဟုတ် မှန်ပါကြောင်းနှင့် နအဖ စစ်အစိုးရ အနေဖြင့်လည်း ထိုကဲ့သို့ အကျိုးမရှိသော အလုပ် လုပ်ကိုင်လိမ့်မည်ဟု မိမိ မယုံကြည်ပါကြောင်း ဆရာတော်ကြီးက ပြောကြားသည်။

ရခိုင်အမျိုးသားများ အများစုမှာ သင်္ကြန်ကာလအတွင်း ဦးပုတ်သီလ ဆောက်တည်ပြီး လူငယ်များမှာ ပျော်ပွဲ ရွှင်ပွဲများ ကျင်းပပြီး ရေကစားကြရန် စီစဉ်နေချိန်တွင် ယခုကဲ့သို့ သတင်း အမှားများကို လွင့်ထုတ်နေခြင်းသည် ကောင်းသော လက္ခဏာ တရပ်မဟုတ်ပါဟု ဆရာတော်မိန့်ကြားသည်။

ထိုကဲ့သို့ သတင်း အမှားများ ထွက်ပေါ်လာပြီးနောက်ပိုင်း ဆရာတော်ကြီးထံ မူဆလင် ဘာသာရေး ခေါင်းဆောင်များ အပြင် နိုင်ငံတကာမှ သိရှိလိုသူများက ဖုံးဆက်ပြီး မေးမြန်းမူများ ပြုလုပ်ခဲ့ပါကြောင်း ဆရာတော်မှ ယခုဖြစ်ပေါ်နေသော သတင်းမှာ အခြေအမြစ် မရှိပါကြောင်း ရခိုင်များက မူဆလင် ဘာသာဝင်များကို တိုက်ခိုက်ရန် အကြောင်း မရှိ ပါကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ရခိုင် ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင် ဘာသာဝင်များ အေးချမ်းစွာ နေထိုင်နေသည်ကို မမြင်လိုသူများက ယခုကဲ့သို့ သတင်းအမှားများကို လွှင့်ထုတ်နေခြင်းသာ ဖြစ်သည်ဟု ဆရာတော်က မိန့်ကြားသည်။

ယခုအခါ ရိုဟင်ဂျာဆိုသော အမည်ကို နိုင်ငံသား အဖြစ် အသိအမှတ် ပြုရေး မပြုရေးနှင့် နယ်စပ် တလျောက်တွင် နအဖ စစ်အစိုးရမှ ခြံစည်းရိုးကာရံသည့်နောက်ပိုင်းတွင် ရိုဟင်ဂျာ ပြဿနာကို ပိုမိုပြီး နိင်ငံတကာက အာရုံစူးစိုက်လာရေးအတွက် ပြည်ပတွင် အခြေစိုက်သော အဖွဲ့အစည်း တချို့နှင့် မသမာသူ တချို့မှ မီးလောင်ရာလေပင့် လုပ်ကာ သတင်းမှားများကို လွှင့်ထုတ်လျှက်ရှိကြောင်း သိရသည်။

ထိုသတင်းမှားများမှ တဆင့် ဗုဒ္ဓဘာသာနှင့် မူဆလင် ဘာသာဝင်များ အကြား လူမျိုးရေး ဘာသာရေး အဓိဂရုဏ်များ ဖြစ်အောင် ဖန်တီး လုပ်ဆောင်လျက်ရှိနေသည်ဟု သိရသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် နေထိုင်သူ ရခိုင်အမျိုးသားများကလည်း အဆိုပါ သတင်းမှာ သတင်းမှား ဖြစ်ပြီး မှန်ကန်မူ မရှိကြောင်းနှင့် ပြဿနာ ဖြစ်အောင် ဖန်တီးပြီး နိုင်ငံရေး အမြတ်ထုတ်ရန် ဆောင်ရွက်နေသူများ၏ လက်ချက်သာ ဖြစ်သည်ဟု ပြောကြားသည်။

No comments: