Saturday, April 11, 2009

မျှော်လင့်အိပ်မက်


အိပ်မက်ဆိုသည်မှာ လူတိုင်း မက်ခွင့် ရှိပါသည်။

“ကျနော် ရန်ကုန် မင်္ဂလာဒုံ လေဆိပ် ထဲရောက်ပြီး၊ အင်မီဂ ရေးရှင်းလည်း ဖြတ်ပြီးရော ကျနော့်ကို အက်စ်ဘီရယ်၊ လဝက ရယ်၊ စစ် ထောက်လှမ်းရေး ရယ်က ဝိုင်းဖမ်း ကြရောဗျ။ ကျနော်လည်း ဘယ်ခံမလဲဗျာ။ ပါလာတဲ့ သေနတ် ထုတ်ပစ်တာပေါ့။ အဲဒီမှာဗျာ၊ ကျနော့် သေနတ်က ကျဉ်ဆံ မထွက်ဘူးဗျ။ ဂျမ်းဖြစ်နေရော”

“အဲဒီမှာ ကျနော်လည်း လန့်နိုးလာတာပေါ့ဗျာ။ ချွေးစေးတွေလည်း ပြန်နေတာပေါ့။ ကျနော် အဲဒီ အိပ်မက်ကိုပဲ မက်မက်နေတာကြာပေါ့ဗျာ” ဟု ပြည်ပသို့ ၈၈ ပြည်သူ့အရေးတော်ပုံအပြီး ထွက်ခွာနေထိုင်လျက်ရှိသူ မိတ်ဆွေ အကိုတဦးက သူ့အတွေ့အကြုံကို ပြောပြဖူးသည်။

သူကဲ့သို့ပင် ဆင်ဆင်တူသော မြန်မာပြည် ပြန်လာရချိန် ကြုံတွေ့ရသည့် ခြောက်လှန့် အိပ်မက်ဆိုးများ မက်နေလေသူ ပြည်ပရောက်နေသူ တော်တော်များများ၏ အတွေ့အကြုံ အိပ်မက်များကို ကျနော် သူတို့တွေနှင့်ဆုံတိုင်း ကြားသိခဲ့ရသည်။

သူတို့တွေက တကယ်တမ်း ပြောရမည်ဆိုလျှင် အိမ်လွမ်းနာကျနေသူတွေဟု ဆိုနိုင်သည်။

ယုံကြည်ချက်တခုအတွက် ပြည်တွင်းတွင် နေထိုင်လုပ်ကိုင်ခွင့် မရနိုင်သဖြင့် ပြည်ပသို့ ထွက်ကာ အကောင်အထည် ဖော်နေခဲ့ကြသူတွေ ဖြစ်၏။ အာဏာရှင်စစ်အစိုးရကို အတိုက်အခံပြုကာ ပြည်ပမှ တော်လှန်ရေး ဆောင်ရွက်နေသူတွေ ဖြစ်သည်။

သူတို့တွေက မြန်မာပြည် ဒီမိုကရေစီစနစ်ဖြင့် သွားလျှင် တိုင်းပြည်တွင်း ပြန်လာခွင့်ရမည်ဟု မျှော်လင့်ထားကြသူတွေ ဖြစ်သည်။ ထိုအချိန်ကျလျှင် ပြည်တော်ပြန်ဝင်ကာ မိမိတို့ တတ်နိုင်သမျှ အင်အားတို့ဖြင့် တိုင်းကျိုးပြည်ပြု ကိစ္စများ ဆောင်ရွက်ကြမည်ဟု အားခဲထားကြသူ အများသား ပါဝင်လေသည်။ သည်ကာလနောက်ပိုင်း သူတို့တွေ ပိုစိတ်လှုပ်ရှားလာနေကြပေသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲပြီးလျှင် အနေအထားပြောင်းလဲလေမလား။

တချို့ဆိုလျှင် ယခုကတည်းက ရွှေလမ်းငွေလမ်း ခင်းနေကြကြောင်း၊ လက်ရှိ စစ်အစိုးရကို စာနာနားလည်မှုပေးလျက် အကူအညီပေးနိုင်ရေး ဆွေးနွေးပြောဆိုနေကြကြောင်း၊ ပိတ်ဆို့မှုက မထိရောက်သဖြင့် ပွင့်ပွင့်လင်းလင်း ဆက်ဆံရေးနှင့်သွားရန် သင့်ကြောင်း၊ တချို့ကလည်း ပူးသတ်မည်ဟု ဆိုနေကြောင်း သတင်းအကြောင်းချင်းရာစုံက နားမဆံ့အောင် ကြားနေရပြန်သည်။

တချို့သော သူတွေက ထိုသို့ သည်းသည်းလှုပ်နေသူတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်ဝေဖန် ပြောဆိုကြသည်။ စစ်အစိုးရကို လုံးဝ မထောက်ခံသင့်၊ မပူးပေါင်းသင့်၊ အပြတ်တိုက်ရမည်ဆိုသူက ဆိုကြလေ၏။ အဘိုးဆရာ သခင်ကိုယ်တော်မှိုင်းကြီး သေရွာက ပြန်ထလာကာ ညီညွတ်ကြတာ မြင်သွားချင်လှသည်ဟု နောက်တကြိမ် ထပ်ပြောစရာတော့ ဖြစ်နေပြန်ပေပြီ။

အာဏာရှင် စစ်အစိုးရကို အပြတ်တိုက်ဖြုတ်ချမည် ဆိုသူတို့က အချင်းချင်း မညီမညွတ်နှင့် စည်းလုံးခြင်း မရှိပါလျှင်တော့ အာဏာရူး ဗိုလ်ချုပ်များတို့က ပလ္လင်ပေါ်တွင် အငြိမ့်သား ဆက်ထိုင်နေနိုင်ဦးမည်သာပင်။ သူတို့ပင် ၂ဝ၁ဝ တွင် ထင်သလို ချယ်လှယ်နေကြဦးမည်မှာ ဗေဒင်မေးလျှင် ပိုက်ဆံကုန်နေဦးမည်။ ယတြာချေလျှင်လည်း ဤမင်းပေါင်းတထောင်ကတော့ ကြေပျောက်ဖို့ မမြင်။ ၂ဝ၁ဝ အပြီး ရွေးကောက်ခံ အနိုင်ရပါတီသည်လည်း စစ်ဗိုလ်တွေသာ လူဝတ်လဲ အုပ်ချုပ်ကြလေမည် ဖြစ်သောကြောင့် ပြည်တော်ပြန်ဝင်လိုသူတို့ အခွင့်အရေး မသာနိုင်သေးပါ။

သူတို့တတွေကို ပြည်ပကနေ ထိုးနှက်တိုက်ခိုက်ထားသူတို့ကို အသာတကြည် ပြန်လာခွင့် ပြုနိုင်မည် မဟုတ်ပေ။ အထက်က ဆိုခဲ့သလို သူတို့အကျိုးကို ဆောင်လေမည့်သူများကိုပင် အကြွင်းမဲ့ ယုံကြည်စွာနှင့် လက်ခံမည် မထင်ပါ။ သံသယနှင့်သာ ဆက်ဆံနေဦးမည် ဖြစ်သည်။ သူတို့ ယုံကြည်ရမည့်သူများသာ မျက်နှာသာ အပေးခံရမည် ဖြစ်သည်။ သူတို့သက်တမ်း ၄ နှစ် ပြည့်အပြီး နောက်တကြိမ် ရွေးကောက်ပွဲတွင် မှန်မှန်ကန်ကန် အရွေးချယ်ခံရသည့် အရပ်သားအစိုးရ လက်ထက်တွင်တော့ ပြည်တော်ပြန်လာခွင့် ရလာနိုင်မည်ဟု ထင်ရပေသည်။

ပြည်ပတွင် မည်သို့ပင် နေရထိုင်ရ အဆင်ပြေသည်ဆိုဆို ကိုယ့်ရပ်ကိုယ့်မြေ၊ ကိုယ့်အိမ်ကိုယ့်ယာ ဇာတိအမိ မြန်မာပြည်ကို ပြန်လာလိုကြသည့် စိတ်ဓာတ်ကိုတော့ဖြင့် အသိအမှတ်ပြုပါသည်။ သို့သော် တကယ်တမ်း မြန်မာပြည်သူတို့ လက်ရှိကြုံတွေ့နေရသော စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်း ဝဋ်ဒုက္ခများကို လက်တွေ့ ကြုံမြင်ခံစားသွားရချိန် ပြည်ပသို့ ပြန်ထွက်မပြေးပါနှင့်ဟု ကြိုပြောထားချင်ပါသည်။ ပြည်ပတွင် ရောက်နေသူ တော်လှန်ရေးသမားများမှာ မြန်မာပြည်၏ လက်ရှိအခြေအနေနှင့် ကင်းကွာနေကြသည်မှာ နှစ် ၂ဝ မျှ ရှိနေသူတွေ များပါမည်။ အခြေခံ အခွင့်အရေးလေးတွေမျှ ပြည့်စုံအောင် မရလေသော သည်တိုင်းပြည်သို့ ပြန်လာခဲ့ပြီး ကိုယ်ကျိုးထက် ပြည်သူ့အကျိုး၊ အများအကျိုး သယ်ပိုးဆောင်ရွက်မည်ဆိုလျှင်တော့ ဝမ်းသာစရာပေ။

မိသားစုတွေ၊ ဆွေမျိုးတွေ နှစ်ရှည်ကြာစွာ ကွဲကွာနေကြလေသူတို့ ပြန်ဆုံချင်ကြမည်မှာ အမှန်ပင် ဖြစ်သည်။ ပြည်ပတွင် မိမိတို့ နေရေးထိုင်ရေး အစစအရာရာ အဆင်ပြေနေကြသူများမှာ ပြည်တွင်းတွင် ရှိနေသော မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေများကိုလည်း အဆင်ပြေပါရဲ့လား မြင်ချင်တွေ့ချင် ကြမည်ပင်။ သို့အတွက် ပြည်တော်ပြန်လာခွင့်ရရေး ဆုထူးလာဘ်ထူးကြီးကို မျှော်ကိုးနေကြမည်ဟု ထင်မိပါသည်။

နောက်တနှစ်အကြာတွင် ပြည်တော် ပြန်ဝင်လိုသူတို့၏ မျှော်လင့်ချက် ပြည့်နိုင်၊ မပြည့်နိုင် မြင်တွေ့ကြရပေတော့မည်။ အခွင့်ရ၍ ပြည်တော် ပြန်ဝင်လာသူတို့ကို အမိမြန်မာပြည်ကြီးက အပြောင်းအလဲမရှိ ကြိုဆိုနေမည်သာ ဖြစ်သည်။ ပြည်တော် ပြန်လာချင်သူတို့၏ ဆန္ဒများ ပြည့်ဝနိုင်ပါစေဟု ဆုတောင်းပေးနေပါမည်။ ပြည်ပတွင် ရောက်နေသူတို့၏ မျှော်လင့်အိပ်မက်ကတော့ ပြည်တော် ပြန်လာခွင့်ရရေး ဖြစ်ပေမည်။ အိပ်မက်ဆိုသည်မှာ လူတိုင်း မက်ခွင့် ရှိပါသည်။ အိပ်မက်ထဲမှ စိတ်ကူးများ ပြင်ပတွင် လက်တွေ့ အကောင်အထည်ပေါ်လျှင် ဝမ်းမြောက်ဝမ်းသာစရာပင် ဖြစ်သည်။

စစ်မှန်သော ဒီမိုကရေစီ ရရှိပြီး၊ သာယာအေးချမ်းသော အမိမြန်မာပြည်သို့ ပြည်တော် ပြန်ဝင်လာချိန် အိပ်မက်ထဲကလို အဖမ်းအဆီး မကြုံရပါစေနှင့်၊ သေနတ် ထုတ်ပစ်ရသောအဖြစ် မတွေ့ရပါစေနှင့်ဟု ပြည်ပရောက် မိတ်ဆွေအကိုအတွက် ဆုတောင်းပေးနေပါမည်။

No comments: