Friday, April 10, 2009

ဌာနဆိုင်ရာမှ ရခိုင်အမျိုးသမီး ၀န်ထမ်းများ ရခိုင်ရိုးရာ သင်္ကြန်တွင် ပါဝင် ဆင်နွဲ့ခွင့်မရ

ဧပြီလ ၁၃ ရက်နေ့မှ စတင်မည့် ရခိုင်ရိုးရာ သင်္ကြန်တွင် စစ်တွေမြို့ရှိ အစိုးရ ဌာနဆိုင်ရာမှ ရခိုင်အမျိုးသမီးများ အနေဖြင့် ရပ်ကွက်အလိုက် ဆောက်လုပ်ထားသော ရခိုင်ရိုးရာ ရေကစား မဏ္ဍပ်များတွင် ပါဝင်ရေကစားခွင့် မရရှိကြောင်း အမည်မဖေါ်လိုသူ စစ်တွေ စည်ပင်က အမျိုးသမီး တဦးက ပြောသည်။

သူမက “ကျွန်မတို့ကို ရခိုင်ရိုးရာ ရေကစား မဏ္ဍပ်တွေမှာ ရေမကစားရဘူလို့ သူတို့က တားမြစ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ စည်ပင်က ၀န်ထမ်းတွေ အားလုံး ပြည်ထဲရေး မဏ္ဍပ်မှာ ရေကစားရမယ်လို့ သူတို့က အမိန့်ထုတ်တော့ ကျွန်မတို့ ရပ်ကွက်ထဲက ရခိုင်ရေကစား မဏ္ဍပ်တွေမှာ ရခိုင်လို ရေကစားလို့ မရ ဖြစ်သွားတာပေါ့” ဟု ပြောသည်။

အစိုး ဌာနဆိုင်ရာ မဏ္ဍပ်များတွင် ဘေးနားမှ စတိတ်ရှိုးစင်ထိုးထာပြီး ရေကစားရန်လာသူများကို ရေပိုက်များဖြင့် ရေထိုးပစ် ကစားကြပြီး ရခိုင်ရိုးရာ သင်္ကြန်ကဲ့သို့ လှေတွင် ရေဖြည့်ပြီး အမျိုးသားနှင့် အမျိုးသမီးများက တဘက် ရေပက် ကစားကြခြင်း မရှိဟု သိရသည်။


“ဌာနဆိုင်ရာ ရခိုင်အမျိုးတွေ အများစုက ကိုယ့်ရိုးရာ သင်္ကြန်ကို ရခိုင်လိုဘဲ ရေကစားချင်ကြပါတယ်။ ဒါပေမယ့် ဌာနဆိုင်ရာ ၀န်ထမ်းတွေ ဖြစ်နေတော့ အရာရှိကြီးတွေ ရေကစားကြတဲ့ ဗဟိုမဏ္ဍပ်တွေမှာဘဲ သွားရောက် ရေကစားကြရပါတယ်။ မသွားရင် ထုချေလွှာတွေ တင်ရ၊ ရာထူး ပြောင်းရွှေ့ခံရမှာကို ကြောက်ပြီး သွားကြရတာပါဘဲ။” ဟု ပြောသည်။

စစ်တွေ သင်္ကြန်တွင် ရခိုင်ရိုးရာ သင်္ကြန်နှင့် စစ်အစိုးရ အရာရှိများ ပြုလုပ်သော ဗမာ သင်္ကြန် ဟူ၍ နှစ်မျိုးနှစ်စားကွဲပြားနေပြီး ရခိုင်ရိုးရာ သင်္ကြန်ကို မြို့သူ မြို့သားများက ရပ်ကွက်အလိုက် ရေလောင်း မဏ္ဍပ်များဆောက်လုပ်ပြီး ကျင်းပ ကြသည်။

အမည်မဖေါ်လိုသူ တဦးကလည်း “နအဖ စစ်အာဏာပိုင်တွေက ပြောတော့ တိုင်းရင်း ရိုးရာ ယဉ်ကျေးမူတွေကို ထိန်းသိမ်းမြှင့်တင်ရေး ဆိုပြီး ပြောတယ်။ လက်တွေ့မှာကျတော့ တိုင်းရင်းသားတွေရဲ့ ရိုးရာ ယဉ်ကျေးမူတွေကို တိမ်ကော ပပျောက်အောင် လုပ်တယ်။ စစ်တွေမှာ ကျင်းပတဲ့ ရခိုင် သင်္ကြန်ကို ကြည့်ပြီး သိနိုင်တယ်။ သင်္ကြန်အတွက် နိုင်ငံတော်က ဘတ်ဂျက်ငွေတွေ ခွဲဝေပေးရင် ရပ်ကွက်အတွင်းက ရခိုင်ရိုးရာ ရေလောင်း မဏ္ဍပ်တွေ ဘယ်တော့မှ မရဘူး။ ဌာနဆိုင်ရာတွေကဘဲ ငွေတွေကို အကြီးအကျယ် အသုံးပြုပြီး ဗမာသင်္ကြန်တွေကိုဘဲ အားပေး အားမြှောက် ပြုလုပ် ကျင်းပနေတာကို တွေ့နေရပါတယ်” ဟု ပြောသည်။

No comments: